စစ်ကိုင်းမှာ စက်တပ်လေထီးအသုံးပြုလေကြောင်းဗုံးကြဲမှု ပိုလုပ်လာ
- BVJ

- Feb 19
- 1 min read
BVJ/မိုနာ_ ဖေဖော်ဝါရီ ၁၉၊ ၂၀၂၅

စစ်ကောင်စီဟာ Paramotorလို့ ခေါ်တဲ့ စက်တပ်လေထီးတွေကိုအသုံးပြုပြီး စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တွေကို အခုဖေဖော်ဝါရီဒုတိပတ်ထဲက နေ့တိုင်းတိုက်ခိုက်လာနေပါတယ်။
စစ်ကိုင်းတိုင်း ကနီမြို့နယ်၊ချောင်းမအရှေ့ရွာကို စစ်ကောင်စီက မနေ့က ဖေဖော်ဝါရီလ ၁၈ ရက် ညနေမှာ ပါရာမော်တာနဲ့ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံငါးယောက်သေဆုံးပြီး ဆယ်ဦးကျော်ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ကနီမှာတိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့ စစ်ကောင်စီဘက်က တိုက်ခိုက်တာဖြစ်ပြီး ပါရာမော်တာနဲ့ လေယာဉ်နဲ့ လေကြောင်းက တိုက်ခိုက်နေတာ သုံးရက်ဆက်တိုက်ရှိပြီလို့လည်း သိရပါတယ်။
အလားတူပဲ စစ်ကိုင်းတိုင်း၊ မုံရွာ-ချောင်းဦးမြို့နယ်ကိုလည်း စစ်ကောင်စီဟာ အခုလ ၁၃ရက်နေ့ကတည်းက ပါရာမော်တာအသုံးပြုပြီး လေကြောင်းကနေဗုံးကြဲခဲ့တာဟာ မနေ့က ၁၈ရက်နေ့အထိဖြစ်တယ်လို့ ဒေသခံက ပြောပါတယ်။

“၁၃ရက်နေ့ကစပြီး ၃ရက်ဆက်တိုက်လာကြဲတယ် ပါရာမော်တာနဲ့။ ပြီးတော့ တရက်ခြားပြီး မနေ့ကညကကို ခေါင်းပေါ်မှာဝဲနေတုန်း၊ ဘယ်အချိန်ချသွားမလဲ ချသွားမလဲဆိုပြီး ရင်တမမနဲ့ ကြည့်နေရတာ”လို့ ချောင်းဦးဒေသခံက Burma VJ ကို ပြောပါတယ်။
တိုက်ပွဲဖြစ်တာမရှိဘဲနဲ့ ချောင်းဦးမြို့နယ် ညောင်ပင်သာရွာကို ဖေဖော်ဝါရီ ၁၃ရက်နေ့က ပါရာမော်တာနဲ့ဗုံးကြဲမှုအတွင်းမှာ အသက်(၁၀)ကလေးငယ်အပါအဝင် ဒေသခံ(၂)ယောက်သေဆုံးခဲ့ပြီး (၄)ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းကို အမျိုးသားညီညွတ်ရေးအစိုးရ-NUGကလည်း ၁၇ရက်နေ့မှာ ထုတ်ပြန်ထားပါသေးတယ်။
စစ်ကောင်စီဟာ ပါရာမော်တာအသုံးပြုတိုက်ခိုက်တာကို အခုနှစ်အစပိုင်းထဲက မန္တလေး၊စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ဧရာဝတီတိုင်းတို့နဲ့ ရခိုင်ပြည်နယ်တွေမှာအသုံးပြုလာတာဖြစ်ပြီး စစ်ကောင်စီဘက်က စက်တပ်လေထီးတွေကို အခုလိုအသုံးပြုလေကြောင်းဗုံးကြဲလာတာဟာ လေယာဉ်ဆီချွေတာချင်တာနဲ့ ကုန်ကျစားရိတ်လျော့ချဖို့ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိနေပါတယ်။







Comments