top of page

စစ်ကိုင်းတိုင်းအတွင်းမှာ NUG အစိုးရအဖွဲ့ အခြေစိုက်ရုံးလုပ်ဖို့ ရှိနေ

  • Writer: BVJ
    BVJ
  • Jan 14
  • 1 min read

BVJ/အိုင်းရစ် _ ဇန်နဝါရီ ၁၄ ၊ ၂၀၂၅


Photo: NUG MOD
Photo: NUG MOD

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေအပြင် ဒေသတွင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေအားကောင်းတဲ့ စစ်ကိုင်းတိုင်းအတွင်းက လွတ်မြောက်နယ်မြေအတွင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ အခြေချရုံးစိုက်ဖို့ရှိနေတယ်လို့ သိရပါတယ်။


NUG ကာကွယ်ရေးဝန်ကြီးဌာနနဲ့ စစ်ကိုင်းတိုင်းအတွင်းမှာ အခြားဝန်ကြီးဌာနရုံးတွေလည်းရှိနေပြီး စီမံခန့်ခွဲဆောင်ရွက်နေတာတွေရှိနေတယ်လို့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန (MOHAI) တာဝန်ရှိသူတစ်ဦးက Burma VJ ကို အတည်ပြုပြောထားပါတယ်။


NUG အစိုးရအဖွဲ့ ဝန်ကြီး၊ ဒုတိယဝန်ကြီးတွေကို ပြန်လည်စုစည်းပြီး စစ်ကိုင်းတိုင်းအတွင်းက တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ အခြေစိုက်ရုံးဖွင့်ဖို့ ပြင်ဆင်နေပြီး သက်ဆိုင်ရာကဏ္ဍအလိုက် ရုံးပိုင်းဆိုင်ရာတွေကိုလည်း ပြင်ဆင်ထားတယ်လို့ သိရပါတယ်။


ဒီအခြေအနေနဲ့ပတ်သက်ပြီး NUG ကာကွယ်ရေးဝန်ကြီးဌာန (MOD) ဒုတိယအတွင်းဝန်နဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမောင်မောင်ဆွေက Burma VJ ကို အခုလို ပြောပါတယ်။


ree

“ကျွန်တော်တို့ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့က ဝန်ကြီးကစပြီး တာဝန်ရှိတဲ့သူတွေအားလုံးနီးပါးက တော်လှန်ရေးနယ်မြေတွေမှာ ဟိုးအရင်ကတည်းက တာဝန်ထမ်းဆောင်နေတာဖြစ်တယ်။ MOHAI ကလည်း တာဝန်ရှိသူတွေလည်း တော်လှန်ရေးနယ်မြေတွေမှာ အုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေကို ဆောင်ရွက်နေတာ ရှိပါတယ်။ အဲသလိုပဲ တခြားဝန်ကြီးဌာနက တာဝန်ရှိတဲ့သူတွေလည်း သူနဲ့သက်ဆိုင်တဲ့ကဏ္ဍအလိုက် တော်လှန်ရေးနယ်မြေတွေမှာ တာဝန်ထမ်းဆောင်နေကြတာ ကြာပါပြီ။ နေရာတွေကို သတ်မှတ်ပြီးတော့ စုပေါင်းဆောင်ရွက်ကြမယ့်သဘောပါ။ တော်လှန်ရေးကို အားကောင်းအောင် ပူးပေါင်းဆောင်ရွက်ဖို့ အရှိန်အဟုန်မြှင့်ပြီးတော့ အုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေကို ကြပ်မတ်ကွပ်ကဲမယ့်သဘောလို့ ပြောချင်ပါတယ်”လို့ NUG MOD အတွင်းဝန် ဦးမောင်မောင်ဆွေက ပြောပါတယ်။


စစ်ကိုင်းတိုင်းအတွင်း တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်နယ်မြေတွေမှာ NUG အစိုးရဝန်ကြီးဌာနတွေအတွက် ရုံးနေရာတွေကိုပြင်ဆင်ထားပြီးဖြစ်သလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ရှိရာနေရာတွေမှာလည်း မဟာမိတ်ဆက်ဆံရေးရုံးတွေထားမှာဖြစ်တယ်လို့ NUG ပြည်ထဲရေး တာဝန်ရှိသူတစ်ဦးက Burma VJ ကို အတည်ပြုပြောထားပါတယ်။


ree

စစ်ကိုင်းတိုင်းအတွင်း NUG အစိုးရအဖွဲ့ ဝန်ကြီး၊ ဒုဝန်ကြီး၊ အတွင်းဝန်၊ တိုင်းဦးစီး၊ ဒုတိုင်းဦးစီးတွေ စုစည်းကာ အလုပ်လုပ်နိုင်ဖို့အတွက် အခု ဇန်နဝါရီလအတွင်းမှာ ရုံးစတင်ဖွင့်နိုင်ဖို့ စီစဉ်ဆောင်ရွက်နေပြီး အဲ့ဒီကနေ မြေပြင်အုပ်ချုပ်ရေးယန္တရားတွေဖော်ဆောင်သွားမယ်လို့ NUG ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ကလည်း Myanmar Now သတင်းဌာနကို ပြောထားပါတယ်။


ပြည်ပနိုင်ငံတွေမှာ ရောက်ရှိနေတဲ့ NUG အစိုးရအဖွဲ့ တာဝန်ရှိသူတွေအနေနဲ့ ပြည်တွင်းကို ပြန်လာဖို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းမှာ ဖိတ်ခေါ်ခဲ့ပါသေးတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page