စစ်ကောင်စီ အောင်ဇေယျစစ်ကြောင်းက ရှေ့တန်းစခန်းတစ်ခု တိုက်ခိုက်ခံရပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
- BVJ

- Jan 19
- 1 min read
BVJ/ထက်အောင် _ ဇန်နဝါရီ ၁၈ ၊ ၂၀၂၅

ကရင်ပြည်နယ် ကော့ကရိတ်ကနေ မြဝတီမြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီ အောင်ဇေယျစစ်ကြောင်းရဲ့ ရှေ့တန်းစခန်းတစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ကျားသစ်နက်စစ်ကြောင်းက ဇန်နဝါရီ ၁၆ ရက်မှာ ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီ အောင်ဇေယျစစ်ကြောင်း ရှေ့တန်းစခန်းတစ်ခုကို KNLA တပ်ဖွဲ့နဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဗျူဟာ ၃၂ ပူးပေါင်းစစ်ကြောင်းတွေဖြစ်တဲ့ ကျားသစ်နက်စစ်ကြောင်း၊ ကော်ဘရာစစ်ကြောင်းနဲ့ Venom စစ်ကြောင်းတို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီ ထိခိုက်သေဆုံးမှုတွေရှိခဲ့သလို စခန်းစွန့်ခွာ ထွက်ပြေးသူတွေလည်း ရှိခဲ့တယ်လို့ သိရပြီး လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲဖြစ်ပွားမှု အခြေအနေနဲ့ပတ်သက်ပြီး ကျားသစ်နက်စစ်ကြောင်းကို Burma VJ က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။

ထိုင်း-မြန်မာ ကုန်သွယ်ရေးဇုန်အနီး မြဝတီမြို့နဲ့ ၃ မိုင်ခန့်အကွာ အမှတ် ၂၇၅ ခြေလျင်တပ်ရင်းကို KNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက သိမ်းယူနိုင်ခဲ့ပြီးချိန် စစ်ကောင်စီက မြဝတီမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် အောင်ဇေယျစစ်ကြောင်းကို ၂၀၂၄ ခုနှစ် ဧပြီ ၁၃ ရက်မှာ ကော့ကရိတ်မြို့ကနေ စတင်ဖော်ဆောင် စစ်ကြောင်းထိုးလာတာလည်း ဖြစ်ပါတယ်။
မြဝတီမြို့စောင့်တပ်ဖြစ်တဲ့ ခလရ ၂၇၅ ကို ကရင်နယ်ခြားစောင့်တပ် (BGF) ရဲ့ အကူအညီနဲ့ ပြန်လည်ထိန်းချုပ်ထားနိုင်ပေမဲ့ ကော့ကရိတ်ကနေ တစ်နာရီကျော်သာ ကားလမ်းခရီး ကွာဝေးတဲ့ မြဝတီမြို့ကိုတော့ စစ်ကောင်စီ အောင်ဇေယျစစ်ကြောင်းကတော့ တစ်နှစ်နီးပါး ကြာမြင့်ချိန်အထိ ရောက်ရှိလာခြင်း မရှိသေးပါဘူး။







Comments