စစ်ကောင်စီ အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်နိုင်ခဲ့တဲ့ ဗိုလ်ကြီး စောဒါဘောကို KNU က သူရတံဆိပ် ချီးမြှင့်
- BVJ

- Feb 5, 2025
- 1 min read
BVJ/ထက်အောင် _ ဖေဖော်ဝါရီ ၁ ၊ ၂၀၂၅

စစ်ကောင်စီ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်းကို ဖြတ်တောက်တိုက်ခိုက်နိုင်ခဲ့တဲ့ ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ကြီး စောဒါဘောကို မနေ့ ဇန်နဝါရီ ၃၁ ရက်မှာ သူရဘွဲ့တံဆိပ် ပေးအပ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ဖေဖော်ဝါရီ ၁ ရက်မှာ ထုတ်ပြန်လာပါတယ်။
KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၂၇ တပ်ရင်းမှူး ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ကြီး စောဒါဘောအနေနဲ့ ကရင်ပြည်နယ် ရှေ့တန်းစစ်မြေပြင်တွေမှာ ရဲရဲရင့်ရင့် တိုက်ခိုက်နိုင်ခဲ့သလို အင်အား ၅၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးနေတဲ့ အောင်ဇေယျစစ်ကြောင်းကို ချိုးဖျက်တိုက်ခိုက်နိုင်ခဲ့တာကြောင့်လည်း အခုလို ဂုဏ်ပြုဆု ပေးအပ်ခဲ့တာလို့ ဖော်ပြထားပါတယ်။
သူရဘွဲ့တံဆိပ်ကို KNLA- (ဗဟို) စစ်ဌာနချုပ်က စစ်ဦးစီး ပထမတန်း (G1) ဗိုလ်မှူးချုပ် စောတာမလာသောက KNLA ၂၇ တပ်ရင်း တပ်ရင်းမှူး ဗိုလ်ကြီး စောဒါဘောကို သွားရောက်ဂုဏ်ပြုချီးမြင့်ခဲ့တယ်လို့လည်း သိရပါတယ်။

ယင်းအခမ်းအနားကို သဘာပတိ ဗိုလ်မှူးကြီး စောနယ်ဒါထူးက အဖွင့်မိန့်ခွန်းစကားပြောကြားခဲ့ပြီး တပ်ဖက်ခေါင်းဆောင်တွေဖြစ်တဲ့ ကရင်လွတ် မြောက်ရေးတပ်မတော် (ဗဟို) စစ်ဦးစီးပထမတန်း (G1) ဗိုလ်မှူးချုပ် စောတာမလာသော၊ တပ်မဟာ(၆) ဗျူဟာမူး ဗိုလ်မှူးကြီး စောနယ်ဒါးထူး၊ တပ်းရင်း(၂၇) တပ်ရင်းမှူး ၊ ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်မှူး စောဒါဘော၊ တပ်ဗိုလ်၊ တပ်မှူးတွေနဲ့ စစ်သားတွေ တက်ရောက်ခဲ့တယ်လို့လည်း သိရပါတယ်။
၇၆ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားကို KNU ဌာနချုပ် မာနယ်ပလောနယ်မြေမှာ မနေ့ ဇန်နဝါရီ ၃၁ ရက်က ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။







Comments