top of page

စစ်ကောင်စီအရာခံဗိုလ်တစ်ဦး လက်နက်ခဲယမ်းနဲ့အတူ KNDF ထံ အလင်းဝင်

  • Writer: BVJ
    BVJ
  • Jan 31
  • 1 min read

BVJ/ထက်အောင် _ ဇန်နဝါရီ ၂၉ ၊ ၂၀၂၅


ree

ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်အခြေစိုက် စစ်ကောင်စီ အမှတ် ၅၃၁ ခြေမြန်တပ်ရင်းက အရာခံဗိုလ်တစ်ဦး လက်နက်ခဲယမ်းတွေနဲ့အတူ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ထံ ဇန်နဝါရီ ၂၇ ရက်က အလင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။


စစ်ကောင်စီဘက်ကနေ KNDF တပ်ဖွဲ့ထံ ဘက်ပြောင်းခိုလှုံလာသူဟာ စစ်မှုထမ်းလုပ်သက်နှစ်ပေါင်း ၄၀ ကျော်ရှိပြီး စစ်ကောင်စီရဲ့ အာဏာရှင်စနစ်ဆိုးအောက်မှာ တာဝန်ဆက်လက်မထမ်းဆောင်လိုတာကြောင့် စခန်းစွန့်ခွာလာတာဖြစ်ပြီး သူနဲ့အတူ MA-3 သေနတ် (၁) လက်၊ ခဲယမ်းတွေနဲ့ ဆက်စပ်ပစ္စည်းတွေကိုလည်း ယူဆောင်လာတယ်လို့ သိရပါတယ်။


အခု ဇန်နဝါရီလအတွင်း လွိုင်ကော်မြို့နဲ့ လွိုင်လင်လေးမြို့ တပ်ရင်းစခန်းတွေမှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သား ၈ ဦး လက်နက်ခဲယမ်းတွေနဲ့အတူ KNDF ထံ အလင်းဝင်ရောက်လာပါသေးတယ်။ အလင်းဝင်ရောက်လာသူတွေထဲက ၇ ဦးဟာ စစ်ကောင်စီ စစ်မှုထမ်းအဓမ္မခေါ်ဆောင်ခံရသူတွေဖြစ်တယ်လို့လည်း သိရပါတယ်။


ree

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၄ နှစ်တာအတွင်း KNDF တပ်ရင်းတွေထံ ဘက်ပြောင်းခိုလှုံလာတဲ့ စစ်ကောင်စီတပ်သားအရေအတွက် ရာကျော်ရှိတယ်လို့ KNDF စစ်ဦးစီးချုပ် ကိုမာဝီက ဖက်ဒရယ် FM ကို ပြောထားပါသေးတယ်။


KNDF ထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အများစုဟာ တပ်သားအဆင့်တွေ အများဆုံးဖြစ်ပြီး အလင်းဝင်ရောက်လာတဲ့တပ်သားတွေကို နေရေး၊ စားသောက်ရေးကိစ္စရပ်တွေကို အဆင်ပြေအောင် ကူညီပေးပြီး ကောင်းမွန်စွာ လက်ခံထားပေးတယ်လို့ KNDF ပြောရေးဆိုခွင့်ရှိသူ သာအယ်စိုးကလည်း Burma VJ ကို ပြောပါတယ်။ ဒါ့အပြင် အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားရဲ့ဆန္ဒအလျောက် ပိုမိုလုံခြုံတဲ့နေရာတွေကိုလည်း ပို့ဆောင်ပေးတာတွေလည်း ရှိတယ်လို့ သူက ဆက်ပြောပါတယ်။


စစ်ကောင်စီတပ်ကနေ KNDF ထံ ဘက်ပြောင်းအလင်းဝင်လာသူတွေရဲ့ မြေပြင်လုံခြုံရေးနဲ့ အစားအသောက်၊ နေထိုင်ရေးကို အာမခံ တာဝန်ယူပေးသလို မြေပြင်တိုက်ပွဲတွေကို သူတို့စိတ်ဆန္ဒမပါဘဲ ခေါ်ယူတာမျိုး မလုပ်ဆောင်ဘူးလို့လည်း KNDF CDM လက်ခံရေးဌာနမှူး ကိုမင်းသားက ဘက်ပြောင်းလာသူတွေရဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ပြောကြားမှုကို KNDF က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page