စစ်ကောင်စီလက်နက်ဝယ်ယူရေးမှာ ထိုင်းဘဏ်တွေ ကူညီနေတယ်ဆိုတဲ့စွပ်စွဲချက်ကို ထိုင်းအစိုးရ ငြင်းဆို
- Zayar Oo
- Jan 1
- 1 min read
BVJ/ထက်အောင် _ ဒီဇင်ဘာ ၃၁ ၊ ၂၀၂၄

မြန်မာစစ်တပ် (စစ်ကောင်စီ) လက်နက်ဝယ်ယူရေးမှာ ထိုင်းနိုင်ငံအတွင်းမှာရှိတဲ့ ဘဏ်အချို့က ကူညီနေတယ်ဆိုတဲ့ ကုလသမဂ္ဂရဲ့ စွပ်စွဲချက်အပေါ် ထိုင်းအစိုးရ တာဝန်ရှိသူတွေက ငြင်းဆိုလိုက်ပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အင်ဒရူးရဲ့ ၂၀၂၄ ခုနှစ် ဇွန်လ အစီရင်ခံစာမှာ စစ်ကောင်စီရဲ့ လက်နက်ဝယ်ယူမှုမှာ ထိုင်းဘဏ်အချို့ကို ကြားခံအနေနဲ့ အသုံးချတာမျိုးတွေ ရှိနေတယ်လို့ ဖော်ပြထားတာလည်း ဖြစ်ပါတယ်။
ကုလသမဂ္ဂရဲ့ စွပ်စွဲချက်နဲ့ပတ်သက်ပြီး ထိုင်းဗဟိုဘဏ်နဲ့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးကော်မတီက စုံစမ်းစစ်ဆေးမှုတွေ ချက်ချင်းလုပ်ဆောင်ခဲ့ပြီးနောက် စစ်ကောင်စီရဲ့ လက်နက်ဝယ်ယူမှုမှာ ထိုင်းဘဏ်တွေကနေတဆင့် ငွေလွှဲပြောင်းတာမျိုး မတွေ့ရပေမဲ့ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းစီကနေ ငွေလွှဲပြောင်းတာမျိုးတွေ ရှိတယ်လို့ ထိုင်းအာဏပိုင်တွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်ရဲ့ အစီရင်ခံစာမှာပါတဲ့ မြန်မာစစ်တပ် လက်နက်ဝယ်ယူတာမှာ ငွေကြေးလွှဲပြောင်းမှုတွေကို ထိုင်းဘဏ်တွေကနေတဆင့် လွှဲပြောင်းမှုလုပ်တယ်ဆိုတာနဲ့ပတ်သက်ပြီး သက်သေ အထောက်အထား မတွေ့ရပါဘူး။ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းစီနဲ့ ထိုင်းဘဏ်တွေကြား ငွေလွှဲတာကတော့ ရှိပါတယ်”လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
ကုလသမဂ္ဂရဲ့ အစီရင်ခံစာမှာ နိုင်ငံတကာဘဏ်တွေအနေနဲ့ စစ်ကောင်စီရဲ့ လက်နက်ဝယ်ယူရေးမှာ ကြားခံငွေလွှဲပြောင်းမှုတွေ လုပ်ဆောင်ပေးနေပြီး ဒါဟာ “သေမင်းတမန်ကုန်သွယ်မှု ဘဏ်လုပ်ငန်း၊ ဘဏ်လုပ်ငန်းအချို့နဲ့ အစိုးရအဖွဲ့အချို့က စစ်ကောင်စီကို ဘယ်လိုအထောက်အကူပေးနေလဲ“ ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြီးခဲ့တဲ့ ဇွန်လမှာ အစီရင်ခံစာ ထုတ်ပြန်ခဲ့တာဖြစ်သလို စစ်ကောင်စီရဲ့ နယ်မြေလက်လွှတ်ဆုံးရှုံးမှုတွေအကြား ပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုတိုးမြှင့်လုပ်ဆောင်နေတယ်လို့လည်း ဖော်ပြထားပါတယ်။
ဒါ့အပြင် လက်နက်နဲ့ စစ်ဘက်ဆိုင်ရာ ထောက်ပံ့ပစ္စည်းတွေ ဝယ်ယူရာမှာ နိုင်ငံတကာဘဏ်တွေနဲ့ ငွေပေးချေမှုတွင် ထိုင်းဘဏ်တွေကနေတဆင့် ကြားခံလုပ်ဆောင်ပေးနေတာတွေရှိနေပြီး ၂၀၂၁-၂၂ ကာလက ငွေပေးချေမှုဒေါ်လာ သန်း ၆၀ ရှိရာက ၂၀၂၂-၂၃ မှာ ဒေါ်လာသန်း ၁၂၀ အထိ မြင့်တက်ခဲ့တယ်လို့လည်း တွမ်အင်ဒရူးရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာလည်း ဖြစ်ပါတယ်။
ထိုင်းနိုင်ငံ ဘဏ္ဍာရေးအဖွဲ့အစည်းအသီးသီးက သူတို့ရဲ့လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်တာမှာ တင်းကြပ်တဲ့ မူဝါဒတွေကို ပုံစံအမျိုးမျိုးထားရှိ လုပ်ဆောင်ကြတယ်လို့ ထိုင်းအာဏာပိုင်တွေရဲ့ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးကိစ္စတွေမှာ လိုအပ်ချက်တွေရှိနေပြီး ဒါတွေကို ဆက်လက်မြှင့်တင်ဆောင်ရွက်နေတယ်လို့လည်း ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပေမဲ့ စစ်ကောင်စီရဲ့ လက်နက်ဝယ်ယူမှုမှာ ထိုင်းဘဏ်တွေက ကြားခံပါဝင်ပတ်သက်နေတယ်ဆိုတာကိုတော့ ငြင်းဆိုထားပါတယ်။
Ref: Bangkok Post







Comments