စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် မတ္တရာမြို့နယ်က ကလေးငယ်နှစ်ဦး သေဆုံး
- Zayar Oo
- Dec 28, 2024
- 1 min read
BVJ/ထက်အောင် _ ဒီဇင်ဘာ ၂၆ ၊ ၂၀၂၄

စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် မန္တလေးတိုင်း မတ္တရာမြို့နယ် ထန်းတောကုန်းရွာက ကလေးငယ် ၂ ဦး သေဆုံးခဲ့ပြီး ဒေသခံပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော် (MDY PDF) က သတင်းထုတ်ပြန်ထားပါတယ်။
မန္တလေးတိုင်း မတ္တရာမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ်တို့မှာ စစ်ကောင်စီတပ်နဲ့ မန္တလေး PDF တို့အကြား တိုက်ပွဲဖြစ်ပွားမှုတွေရှိနေပြီး စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။
ဒီနေ့ ဒီဇင်ဘာ ၂၆ ရက် နေ့လည် ၃ နာရီ ၂၀ မိနစ်ဝန်းကျင်မှာ မတ္တရာမြို့နယ် လက္ကောင်းလေးရွာဘက်ကနေ စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ထန်းတောကုန်းတဲတိုက် ဘုန်းကြီးကျောင်းနေရာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေးငယ် ၂ ဦး သေဆုံးခဲ့ရတာလည်း ဖြစ်ပါတယ်။
နှစ်ဖက် စစ်ရေးတင်းမာနေတဲ့ မတ္တရာမြို့နယ်မှာ စစ်ကောင်စီတပ်ရင်း ထုတ်နုတ်အင်အားတွေအပြင်၊ ပြည်သူ့စစ်အဖွဲ့ (ပျူစောထီး)တွေလည်း ရှိနေတယ်လို့ မန္တလေး PDF ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်ကလည်း ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်ကလည်း မတ္တရာမြို့နယ် ထန်းပင်ကုန်းရွာကို မန္တလေး PDF က သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီ စစ်သုံ့ပန်းအချို့နဲ့ လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ မန္တလေးတိုင်းအတွင်းမှာရှိတဲ့ တကောင်းမြို့နယ်၊ စဉ့်ကူမြို့နယ်၊ သပိတ်ကျင်းမြို့နယ်နဲ့ မတ္တရာမြို့နယ် အရှေ့ခြမ်းတို့ကို မန္တလေး PDF က ထိန်းချုပ်ထားတာလည်း ဖြစ်ပါတယ်။







Comments