စစ်ကောင်စီရွေးကောက်ပွဲကို မျက်ခြေမပြတ်စောင့်ကြည့်နေကြောင်း NUG ပြော
- BVJ

- Jan 31
- 1 min read
BVJ/မိုနာ_ ဇန်နဝါရီ ၃၀၊ ၂၀၂၅

အာဏာသိမ်းစစ်ကောင်စီက ရွေးကောက်ပွဲတစ်ခုကို မဖြစ်မနေကျင်းပဖို့စီစဉ်နေပြီး အဲ့ဒီရွေးကောက်ပွဲဟာ စစ်ကောင်စီရဲ့နိုင်ငံရေးထွက်ပေါက်အဖြစ် ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲဖြစ်တာကြောင့် ရတဲ့နည်းနဲ့ဆန့်ကျင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUGနဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့တွေအပါအဝင် တော်လှန်ရေးမှာပါဝင်နေကြတဲ့ အဖွဲ့အစည်းတွေက တိုက်တွန်းထားကြပါတယ်။
ဆန့်ကျင်မှုတွေ ရှိနေပေမယ့် တဖက်မှာလည်း စစ်ကောင်စီက ရွေးကောက်ပွဲကိုမရရတဲ့နည်းနဲ့ ကျင်းပဖို့ပြင်ဆင်နေတာကြောင့် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲတကယ်ဖြစ်လာခဲ့ရင် NUGအနေနဲ့ချမှတ်ထားတဲ့ အစီအစဉ်တွေရှိလားဆိုတာကို Burma VJက မေးခဲ့ပါတယ်။
“စကစကလုပ်မယ်ဆိုတဲ့ တရားမဝင်အတုအယောင်ရွေးကောက်ပွဲကို ကျနော်တို့တော်လှန်ရေး အင်အားစုတွေ ဘယ်သူကမှလက်မခံဘူး။ ဘယ်အဖွဲ့အစည်းကမှလက်မခံဘူး။ တခြားနေရာတွေမှာသာ ကွဲလွဲတာရှိကောင်း ရှိမယ်ပေါ့လေ။ ဒီကိစ္စနဲ့ပတ်သက်ရင် ကျနော်တို့တော်လှန်ရေးအင်အားစုများကြားထဲမှာ အင်မတန်မှ ညီညွတ်ပါတယ်။ သဘောထားကလည်း ပြတ်သားပါတယ်။ လုံးဝကိုလက်မခံဘူး။ ဒါနဲ့ပတ်သက်ပြီး ဟန့်တားရမယ် ဆန့်ကျင်ရမယ့်နည်းလမ်းတွေ အကြမ်းမဖက်တဲ့ လူထုအခြေပြုတဲ့နည်းလမ်းတွေနဲ့ အကုန်လုံးဟန့်တားကာကွယ်သွားဖို့ကို စိတ်ဆန္ဒတူညီတယ်၊ ပြင်ဆင်မှုတွေလည်းရှိကြတယ်။ ညှိနှိုင်းမှုတွေလည်းရှိကြတယ်။ ဒီလုပ်ငန်းအသေးစိတ်ကတော့ ကျနော့်အနေနဲ့ပြောလို့ကမရဘူး သို့သော်လည်းပဲ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး တောက်လျောက်မျက်ခြေမပြတ် စောင့်ကြည့်လေ့လာပြင်ဆင်နေတာ ဖြစ်ပါတယ်”လို့ NUGနိုင်ငံခြားရေးဒုဝန်ကြီး ဦးမိုးဇော်ဦးက ပြောပါတယ်။

မနေ့က ဇန်နဝါရီ ၂၉ရက်က ပြုလုပ်တဲ့” ”အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲ”မှာ Burma VJရဲ့ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့တာပါ။
စစ်ကောင်စီဟာ အတုအယောင်ရွေးကောက်ပွဲအတွက် ပြင်ဆင်နေသော်လည်း ပြည်သူမပူးပေါင်းမပါဝင်ရင် အောင်မြင်မှုမရှိနိုင်တာကြောင့် NUGအနေနဲ့ ပြည်သူလူထုအား၊ လူထုအခြေပြုအဖွဲ့အစည်းတွေရဲ့ အားနဲ့ ညှိနှိုင်းပြင်ဆင်နေတာတွေ ရှိတယ်လို့လည်း ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ အနိုင်ရပါတီကိုအာဏာပြန်လွှဲဖို့အတွက် ရွေးကောက်ပွဲပြုလုပ်မယ်ဆိုပြီး ရွေးကောက်ပွဲအတွက် သန်းခေါင်းစာရင်းကိုလည်း ကောက်ယူထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းပြုစုရာမှာ “၂၀၂၅ ဒီဇင်ဘာ ၃၁ တွင် ၁၈ နှစ် ပြည့်မည့်သူများ” ကိုကောက်ခံရန်ဆိုပြီး စစ်ကောင်စီလဝကဝန်ကြီး ဦးမြင့်ကြိုင်က အခုလ ၂၁ရက်က ထုတ်ပြောလာတာကြောင့် စစ်ကောင်စီဟာ ၂၀၂၅မှာ ရွေးကောက်ပွဲပြုလုပ်မယ်လို့ ခန့်မှန်းရပါတယ်။
ဒါပေမယ့် စစ်ကောင်စီရဲ့ သန်းခေါင်းစာရင်းဟာ ပြည်လုံးကျွတ်ကောက်ယူနိုင်ခြင်းမရှိဘဲ စစ်ကောင်စီလွှမ်းမိုးနိုင်တဲ့နေရာတွေမှာသာ ကောက်ယူနိုင်တာကြောင့်အောင်မြင်မှုမရှိဘူးလို့ တော်လှန်ရေးအင်အားစုတွေနဲ့အရပ်ဖက်အဖွဲ့အစည်းတွေက ထုတ်ပြန်ထားကြပါတယ်။







Comments