စစ်ကောင်စီဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦး မုံရွာမြို့မရဲစခန်းမှာ သေဆုံး
- Zayar Oo
- Dec 28, 2024
- 1 min read
BVJ/အိုင်းရစ် _ ဒီဇင်ဘာ ၂၆ ၊ ၂၀၂၄

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် မြို့မရဲစခန်းမှာ စစ်ကောင်စီ မတရားဖမ်းဆီး ချုပ်နှောင်ထားတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦးဖြစ်သူ ကိုဘုံဘုံ မနေ့ ဒီဇင်ဘာ ၂၅ ရက်က သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ထံက သိရပါတယ်။
စစ်ကောင်စီ ဖမ်းဆီးချုပ်နှောင်ထားချိန် LGBT တစ်ဦးဖြစ်သူ ကိုဘုံဘုံဟာ ကျောက်ကပ်ရောဂါနဲ့ အတွင်းအကြောတက်ဝေဒနာကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရပြီး ကျန်းမာရေးဆိုးရွားလာချိန် ဆေးဝါးကုသမှု အလုံအလောက်မရရှိခဲ့တာကြောင့် သေဆုံးခဲ့ရတာဖြစ်တယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ဒုတိယပတ်ကတည်းက လမ်းမလျှောက်နိုင်၊ အစာမာ မစားနိုင်တော့ဘဲ ကျောက်ကပ်ရောဂါ ဆိုးရွားလာတာကြောင့် ဆေးဝါးကုသခွင့်ပေးဖို့ မြို့မရဲစခန်း တာဝန်ရှိသူတွေကို တောင်းဆိုခဲ့ပေမဲ့ ဆေးရုံကို ပို့ဆောင်ပေးခြင်းမရှိဘဲ အချုပ်ခန်းအတွင်းမှာသာ ဆေလိုင်း (Saline) Drip ပုလင်းချိတ်ကုသပေးမှုပဲ လုပ်ဆောင်ခဲ့တယ်လို့လည်း PPNM ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“တကယ်တမ်းက သူ့ကို ထောင်အချုပ်ကို ပို့ရမယ့်တာဝန် ရဲတပ်ဖွဲ့မှာရှိတယ်။ ဒါပေမဲ့ သူတို့က လုပ်ထုံးလုပ်နည်း ဥပဒေတွေကို ကျော်လွန်ပြီး ရဲစခန်း အချုပ်ခန်းထဲမှာပဲ သူ့ကို ဖမ်းဆီးထိန်းသိမ်းထားတာ။ တကယ်တမ်းက အမိန့်ကျပြီးရင် ထောင်ကိုပို့ရမယ့်လူတစ်ယောက်ကို အချုပ်ခန်းထဲမှာပဲ ဖမ်းဆီးထိန်းသိမ်းထားတဲ့ကာလ ဖြစ်တယ်။ ရဲစခန်းဖြစ်တာကြောင့် ဆရာဝန်လည်း မရှိတဲ့အတွက် သူ့ရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းကောင်း မရရှိဘဲနဲ့ ဆုံးပါးသွားတယ်” လို့ PPNM တာဝန်ခံ ကိုသိုက်ထွန်းက ပြောပါတယ်။
ကိုဘုံဘုံကို စစ်ကောင်စီက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်မှာ မုံရွာမြို့ အောင်ဇေယျရပ်ကွက် အိုးရှင်းစင်တာအနီးမှာ ဖမ်းဆီးခဲ့ပြီးနောက် ပုဒ်မ ၅၀(ည)၊ ပုဒ်မ ၅၂(က)၊ ၅၂(ခ) တို့နဲ့ မတရား တရားစွဲဆိုခဲ့ကာ အခုလ ဒီဇင်ဘာ ၂၃ ရက်မှာ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။
ရဲစခန်း အချုပ်ခန်းတွင်း သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဘုံဘုံဟာ PPNM ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သလို နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတွေရဲ့ အရေးကိစ္စတွေကိုလည်း ဆောင်ရွက်လုပ်ကိုင်ပေးနေသူဖြစ်တယ်လို့လည်း သိရပါတယ်။







Comments