စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးဖို့ TNLA ကိုယ်စားလှယ်အဖွဲ့ ကူမင်းမြို့ကို ရောက်ရှိနေ
- BVJ

- Feb 15
- 1 min read
BVJ/အိုင်းရစ် _ ဖေဖော်ဝါရီ ၁၅ ၊ ၂၀၂၅

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြို့နယ် ၁၂ ခုကို ထိန်းချုပ်ထားတဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး/တအာင်းတပ်မတော် (PSLF/TNLA) ကိုယ်စားလှယ်အဖွဲ့ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးဖို့ တရုတ်နိုင်ငံ ကူမင်းမြို့ကို ရောက်ရှိနေတယ်လို့ PSLF/TNLA က သတင်းထုတ်ပြန်ထားပါတယ်။
PSLF/TNLA ကိုယ်စားလှယ်အဖွဲ့ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်ပြီး မဟာမိတ်ဆက်ဆံရေးဌာနမှူး ဗိုလ်မှူးကြီး တာမိုးဟိန်အပါအဝင် ကိုယ်စားလှယ် ၉ ဦးဟာ ဒီနေ့ ဖေဖော်ဝါရီ ၁၅ ရက်မှာ ကူမင်းမြို့ကို ရောက်ရှိနေတာလည်း ဖြစ်ပါတယ်။ စစ်ကောင်စီဘက်က အမှတ် ၁ စစ်ဆင်ရေး အထူးအဖွဲ့ (ကစထ) မှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး တက်ရောက်မယ်လို့လည်း TNLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“PSLF/TNLA ကိုယ်စားလှယ်က မြန်မာကိုယ်စားလှယ်နဲ့ တွေ့ဆုံဖို့ ကူမင်းကို ရောက်နေပါတယ်။ တွေ့ဆုံဆွေးနွေးမှုက လက်ရှိဖြစ်ပေါ်နေတဲ့ စစ်ရေးအခက်အခဲ၊ အကျပ်အတည်းတွေကို ရင်ဆိုင်ကျော်လွှားဖို့နဲ့ ဒေသခံပြည်သူတွေရဲ့ အခက်အခဲအကျပ်အတည်းတွေကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ တွေ့ဆုံမှာဖြစ်ပါတယ်”လို့ TNLA သတင်းပြန်ကြားရေးတာဝန်ခံ လွေးယေဦးကလည်း Burma VJ က ပြောပါတယ်။
နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုအခြေအနေနဲ့ပတ်သက်ပြီး နှစ်ဖက်အပစ်အခတ်ရပ်စဲရေးကိစ္စရပ်တွေအပြင် နယ်စပ်ကုန်သွယ်ရေးပြဿနာတွေကို ထည့်သွင်းဆွေးနွေးသွားဖို့ ပြင်ဆင်ထားပေမဲ့ အခြေအနေကိုတော့ မသိရဘူးလို့လည်း လွေယေးဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်က တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ညှိနှိုင်းမှုနဲ့အတူ ကိုးကန့်တပ်မတော် (MNDAA) နှစ်ဖက်အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲမှာလည်း ကစထ (၁)မှူး ဒုဗိုလ်ချုပ်ကြီး ကိုကိုဦး ပါဝင်ဆွေးနွေးခဲ့ပြီး နှစ်ဖက်သဘောတူညီမှု ရရှိခဲ့ပါသေးတယ်။ အမှတ် (၁) စစ်ဆင်ရေးအထူးအဖွဲ့ဟာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို တာဝန်ယူ ကိုင်တွယ်နေရတာလည်း ဖြစ်ပါတယ်။
လက်ရှိ PSLF/TNLA ထိန်းချုပ်ဒေသတွေမှာ ဖြစ်ပွားနေတဲ့ စစ်ရေးပြဿနာတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီ ကိုယ်စားလှယ်တို့ နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုကို မနက်ဖြန် ဖေဖော်ဝါရီ ၁၆ ရက်မှာ စတင်မှာလည်း ဖြစ်တယ်လို့ သိရပါတယ်။







Comments