စစ်ကောင်စီနဲ့ဆွေးနွေးပွဲမအောင်မြင်ကြောင်း TNLA ပြော
- BVJ

- Feb 20
- 1 min read
လာမယ့် ဧပြီလမှာ နှစ်ဖက်ထပ်မံ တွေ့ဆုံဆွေးနွေးဖို့ ရှိနေ
BVJ/ထက်အောင် _ ဖေဖော်ဝါရီ ၁၉ ၊ ၂၀၂၅

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/တအာင်းတပ်မတော် (PSLF/TNLA) နဲ့ စစ်ကောင်စီတို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ နှစ်ဖက်အပစ်အခတ်ရပ်စဲရေး ၂ ရက်တာ တွေ့ဆုံဆွေးနွေးခဲ့ပေမဲ့ သဘောတူညီမှုရလဒ် ထွက်ပေါ်ခဲ့တာမျိုးမရှိဘဲ အဆုံးသတ်ခဲ့တယ်လို့ PSLF/TNLA က ဒီနေ့ ဖေဖော်ဝါရီ ၁၉ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။
တရုတ်အစိုးရရဲ့ ကြားဝင်ညှိနှိုင်းမှုနဲ့အတူ PSLF/TNLA ကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ စစ်ကောင်စီ အမှတ် ၁ စစ်ဆင်ရေး အထူးအဖွဲ့ (ကစထ) မှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးတို့ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ကူမင်းမြို့ ဟိုင်ဂင်ဟိုတယ်မှာ ဖေဖော်ဝါရီ ၁၆ ရက်နဲ့ ၁၇ ရက်မှာ တွေ့ဆုံခဲ့တာလည်း ဖြစ်ပါတယ်။
တွေ့ဆုံမှုအတွင်း တရုတ်အစိုးရ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းက ဦးဆောင်ပါဝင်ခဲ့ပေမဲ့ နှစ်ဖက် ကိုယ်စားလှယ်အဖွဲ့ရဲ့ တောင်းဆိုတင်ပြချက်တွေဟာ ဆွေးနွေးညှိနှိုင်းဖို့ ခက်ခဲတာကြောင့် တွေ့ဆုံဆွေးနွေးမှု အဖြေတစုံတရာ မထွက်ရှိခဲ့ဘဲ အဆုံးသတ်ခဲ့တာလည်း ဖြစ်ပါတယ်။
“နှစ်ဖက် ဘက်ပေါင်းစုံတင်ပြမှုတွေက ဆက်လက်ဆွေးနွေးဖို့ အခက်အခဲရှိနေသေးတဲ့အတွက်ကြောင့် ဆွေးနွေးမှုကတော့ ပြီးဆုံးသွားပါပြီ။ နောက်ထပ် နှစ်ဖက်တွေ့ဆုံဖို့ကတော့ ဧပြီလလောက်မှာ ပြန်လည်တွေ့ဆုံဖို့ စီစဉ်ထားတာ ရှိပါတယ်”လို့ TNLA သတင်းပြန်ကြားရေးတာဝန်ခံ လွေးယေဦးကို Burma VJ က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။
ဆွေးနွေးပွဲအတွင်း PSLF/TNLA ဘက်က နှစ်ဖက်တပ်တွေ ရောက်တဲ့နေရာမှာ ရပ်တန့်ပြီး အပစ်အခတ် ရပ်စဲရန်၊ နှစ်ဖက်စလုံး ထိုးစစ်ပြုလုပ်တာ၊ ဒရုန်နဲ့ တိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်တာ၊ လေယာဉ်နဲ့ ဗုံးကြဲတာ ရပ်တန့်ဖို့နဲ့ နှစ်ဖက်ထိန်းချုပ်ဒေသတွေထဲမှာ ဒေသခံပြည်သူတွေရဲ့ စားဝတ်နေရေးနဲ့ ဆေးဝါးအတွက် သယ်ဆောင်ဖြတ်သန်းသွားလာခွင့်ပြုရန် စတဲ့အချက်တွေကို တောင်းဆိုထားပါတယ်။
နှစ်ရက်တာ ဆွေးနွေးမှုအပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှု၊ ထိုးစစ်ဆင်မှုအခြေအနေတွေ ရှိ မရှိကိုတော့ ဆက်လက်စောင့်ကြည့်သွားရမှာဖြစ်တယ်လို့ လွေးယေဦးကလည်း ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်က တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ညှိနှိုင်းမှုနဲ့အတူ ကိုးကန့်တပ်မတော် (MNDAA) နဲ့ စစ်ကောင်စီ ကစထ (၁)မှူး ဒုဗိုလ်ချုပ်ကြီး ကိုကိုဦးတို့ တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်ဖက်သဘောတူညီမှု ရရှိခဲ့ကာ နယ်စပ်ကုန်သွယ်ရေးဂိတ်အချို့ကို တရုတ်ဘက်က ပြန်လည်ဖွင့်လှစ်ပေးခဲ့ပါတယ်။







Comments