စစ်ကောင်စီနဲ့ချုပ်ဆိုထားတဲ့ စာချုပ်တွေ အကျိုးမရှိကြောင်း ရုရှားအစိုးရထံ NUGစာပို့
- BVJ

- Mar 20
- 1 min read
BVJ/မိုနာ_ မတ် ၁၈၊ ၂၀၂၅

စစ်ကောင်စီနဲ့ချုပ်ဆိုထားတဲ့ စာချုပ်တွေဟာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ရင်းနှီးမြှုပ်နှံမှုတွေအတွက် အကျိုးမရှိကြောင်း ရုရှားအစိုးရဆီကို အမျိုးသားညီညွတ်ရေးအစိုးရ-NUG နိုင်ငံခြားရေးဝန်ကြီးဌာနက စာရေးသားပေးပို့ထားတယ်လို့ NUGသမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောပါတယ်။
“စစ်ကောင်စီနဲ့ ချုပ်တဲ့စာချုပ်တွေဟာ အကျိုးမရှိကြောင်းကို ရုရှားအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနကို NUG က စာပေးပို့ထားပြီးဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကနေ ခွင့်ပြုမိန့်၊ အတည်ပြုမိန့်တွေ တောင်းခံပြီး မလုပ်ကြဖို၊ လုပ်နေတဲ့ လုပ်ငန်းတွေလည်း ရပ်ဆိုင်းထားဖို့ သတိပေးအကြောင်းကြား လိုပါတယ်” လို့ ဒီနေ့ မတ်လ ၁၈ ရက်မှာ ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ်ကနေ ဦးကျော်ဇောက ပြောလာတာပါ။
အာဏာမသိမ်းခင်က ချုပ်ဆိုထားတဲ့ နယ်နိမိတ်သဘောတူညီချက်တွေအပါအဝင်၊ စာချုပ်တွေနဲ့ သဘောတူညီချက်တွေကိုသာ NUGအနေနဲ့ တာဝန်ယူဆောင်ရွက်မှာဖြစ်တယ်လို့လည်း ပြောပါတယ်။
"တရားမဝင်တဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ထံမှ ခွင့်ပြုမိန့်၊ အတည်ပြုမိန့်များတောင်းခံကာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်ခြင်းကို လုံးဝမပြုလုပ်ကြရန်နဲ့ ဆောင်ရွက်ဆဲတရားမဝင်သော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကိုလည်း ခြွင်းချက်မရှိရပ်ဆိုင်းထားရန် အထူးသတိပေးအကြောင်းကြားလိုပါတယ်" လို့ဦးကျော်ဇောက ပြောပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အခုလလဆန်းပိုင်းမှာ ရုရှားနဲ့ဘီလာရုစ်နိုင်ငံတွေကိုသွားရောက်ပြီး ရုရှသမ္မတ ဘလာဒီမာပူတင်၊ ဘီလာရုစ်သမ္မတ လူကာရှန်တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။
အဲ့ဒီခရီးစဉ်အတွင်းမှာ ရုရှားနိုင်ငံနဲ့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ဆယ်ခုကို စစ်ကောင်စီကလက်မှတ်ရေးထိုးခဲ့ပြီး အဲဒီအထဲမှာ ရုရှားရဲ့ထောက်ပံ့မှုနဲ့ အသေးစား နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး၊ ဆိပ်ကမ်းနဲ့ ရေနံချက်စက်ရုံ တည်ဆောက်ရေး အပါအဝင် ထားဝယ်အထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံဖိုစတဲ့ သဘောတူညီချက်တွေ ပါဝင်ခဲ့ပါတယ်။
NUUသမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျောဇောကတော့ စစ်ကောင်စီက ရုရှားနဲ့ ဘီလာရုစ်ကို သွားရောက်တာဟာ စစ်လက်နက်ပစ္စည်းရရှိရေး၊ အာဏာတည်မြဲရေးနဲ့ ရွေးကောက်ပွဲကနေ နိုင်ငံရေးထွက်ပေါက်ရှာဖိုအတွက်သာဖြစ်တယ်လို့ ပြောပါတယ်။







Comments