စစ်ကောင်စီနဲ့ ကိုးကန့် အပစ်ရပ်သဘောတူညီချက်ရပြီလို့ တရုတ်က ထုတ်ပြော
- BVJ

- Jan 21
- 1 min read
BVJ/Moore _ ဇန်နဝါရီ ၂၀ ၊ ၂၀၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်တပ်မတော် (MNDAA) နဲ့ စစ်ကောင်စီတို့ နှစ်ဖက်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိပြီး အခုလ ဇန်နဝါရီ ၁၈ ရက်မှာ စတင်အသက်ဝင်ခဲ့ပြီဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝတန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mao Ning က ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောပါတယ်။
MNDAA နဲ့ စစ်ကောင်စီတို့ တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်ညှိနှိုင်းမှုနဲ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းရေးနဲ့ တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်တိုးတက်လာဖို့အတွက် တက်တက်ကြွကြွ လုပ်ဆောင်နေတယ်လို့လည်း Mao Ning က ဆက်ပြောပါတယ်။
“မြန်မာနိုင်ငံမြောက်ပိုင်း (ကိုးကန့်ဒေသကို ဆိုလို) ရဲ့အခြေအနေကတော့ တည်ငြိမ်စပြုလာပါပြီ။ ဒါဟာ တရုတ်-မြန်မာ နယ်စပ်တစ်လျှောက် တည်ငြိမ်ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ နယ်စပ်ဒေသ လုံခြုံရေးတည်ဆောက်နိုင်ဖို့အပါအဝင် ဘုံအကျိုးစီးပွားတွေအတွက် ဒေသတွင်းမှာရှိတဲ့ အဖွဲ့အစည်းအားလုံးနဲ့ နိုင်ငံတွေအတွက်လည်း အထောက်အကူ ဖြစ်စေပါတယ်”လို့ Mao Ning က သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောခဲ့ပါတယ်။
နှစ်ဖက်အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိခဲ့ပြီလို့ တရုတ်အစိုးရရဲ့ ထုတ်ဖော်ပြောကြားမှုနဲ့အတူ တရုတ်ကနေ ကိုးကန့်ဒေသဘက်ကို လွတ်လပ်စွာ ကုန်စည်ဖြတ်သန်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်းကိုလည်း ဒီနေ့ ဇန်နဝါရီ ၂၀ ရက်မှာ တရုတ်အာဏာပိုင်တွေက ထုတ်ပြန်လာပါတယ်။
ကုန်စည်ကူးသန်းရောင်းဝယ်ခွင့် ထုတ်ပြန်ချက်ထဲမှာ စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းတွေကလွဲပြီး ဒေသခံ ပြည်သူတွေရဲ့ နေ့စဉ်ထွက်ကုန်နဲ့ နေ့စဉ် အသုံးအဆောင်ပစ္စည်းအားလုံးကို ပုံမှန်အတိုင်း ရောင်းဝယ်ကုန်သွယ်ခွင့်ပြုကြောင်းလည်း ပါရှိသလို လောင်စာဆီတွေကိုလည်း ပြန်လည်တင်သွင်းခွင့်ပေးထားတယ်လို့ ဒေသတွင်းအခြေအနေတွေကိုဖော်ပြဖြစ်တဲ့ Wa News Land ကလည်း ဖော်ပြထားပါတယ်။
၁၀၂၇ စစ်ဆင်ရေးဖော်ဆောင်ခဲ့တဲ့ မြောက်ပိုင်းမဟာမိတ်ညီနောင် တအာင်းတပ်မတော် (TNLA) ၊ အာရက္ခတပ်တော် (AA) တို့နဲ့အတူ ကိုးကန့်တပ်မတော် (MNDAA) ကလည်း စစ်ဆင်ရေး ဖော်ဆောင်ခဲ့ပြီး စစ်ကောင်စီတပ်စခန်းနဲ့ မြို့တွေကို သိမ်းယူထိန်းချုပ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ အဓိကအရေးကြီးတဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) နဲ့ လားရှိုးမြို့တို့အပါအဝင် နယ်စပ်ကုန်သွယ်ရေးစခန်းတွေကိုပါ ထိန်းချုပ်ထားတဲ့ MNDAA အနေနဲ့ စစ်ကောင်စီကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံမှုမှာ နယ်မြေခွဲဝေသတ်မှတ်မှု ဘယ်လိုဆက်လက်လုပ်ဆောင်မယ်ဆိုတာကို မသိရသေးပါဘူး။







Comments