စစ်ကောင်စီထိပ်တန်းအရာရှိ ၁၃ ဦးအပါအဝင် အဖွဲ့အစည်း ၃ ခုကို ကနေဒါ ဒဏ်ခတ်ပိတ်ဆို့ အရေးယူ
- BVJ

- Mar 8
- 1 min read
BVJ/Moore _ မတ် ၈ ၊ ၂၀၂၅

စစ်ကောင်စီရဲ့ စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်တစ်ဦးအပါအဝင် စစ်ကောင်စီ ဝန်ကြီး၊ ဒုတိယဝန်ကြီး ၁၃ ဦးနဲ့ စစ်ကောင်စီလက်အောက်ခံ အဖွဲ့အစည်း ၃ ခုကို ဒဏ်ခတ်ပိတ်ဆို့အရေးယူကြောင်း ကနေဒါအစိုးရက ဒီနေ့ မတ်လ ၈ ရက်မှာထုတ်ပြန်လာပါတယ်။
ကနေဒါနိုင်ငံက ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှု လုပ်ဆောင်သူတွေထဲမှာ စစ်ကောင်စီ စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေပါဝင်ခဲ့ပြီး စစ်ကောင်စီခန့် ဝန်ကြီး ၅ ဦးနဲ့ ဒုတိယဝန်ကြီး ၇ ဦးတို့လည်း ပါဝင်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် ၃၃ ခြေလျင်တပ်ရင်းနဲ့ မြန်မာစစ်တပ်တို့ကိုလည်း အရေးယူပိတ်ဆို့ကြောင်း ထည့်သွင်းကြေညာခဲ့ပါတယ်။
ကနေဒါအစိုးရက ဒဏ်ခတ်ပိတ်ဆို့မှုထဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဒေါက်တာ ကံဇော်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ခွန်သန့်ဇော်ထူး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဒုဝန်ကြီး ၃ ဦးဖြစ်တဲ့ ဗိုလ်ချုပ်လူမွန်၊ ဦးအောင်ကျော်ထွန်း၊ ဦးအောင်မြိုင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဒုဝန်ကြီး ၂ ဦးဖြစ်တဲ့ ဒေါ်သန်းသန်းလင်း၊ ဦးမင်းထွဋ်တို့ကို အရေးယူပိတ်ဆို့မှုစာရင်းထဲ ထည့်သွင်းခဲ့တာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီ ကာကွယ်ရေး ဒုဝန်ကြီး ဦးကိုလေး၊ စစ်ကောင်စီဥက္ကဌရုံး (၁) ဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်၊ ဥက္ကဌရုံး (၂) ဝန်ကြီး ဦးကိုကိုလှိုင်၊ ဥက္ကဌရုံး (၄) ဝန်ကြီး ဦးအောင်ကျော်ဟိုး၊ ဥက္ကဌရုံး (၃) ဒုဝန်ကြီး ဦးထင်ကျော်သူတို့ကိုလည်း ကနေဒါအစိုးရက ဒဏ်ခတ်ပိတ်ဆို့အရေးယူထားပါတယ်။
စစ်ကောင်စီထိပ်တန်းအရာရှိတွေဟာ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့တွေ ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ အကြမ်းဖက်မှု၊ လက်ရှိနိုင်ငံတစ်ဝန်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေမှာ တာဝန်ရှိသူတွေဖြစ်တာကြောင့် ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းထဲ ထည့်သွင်းခဲ့တာဖြစ်တယ်လို့လည်း ကနေဒါအစိုးရက ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာ ၂ ရက်က ကုလသမဂ္ဂက ထုတ်ပြန်ခဲ့တဲ့အစီရင်ခံစာမှာလည်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ သတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူ ၆၀၀၀ ထက်မနည်း သေဆုံးခဲ့ပြီး ၂၀၂၄ ခုနှစ် အစောပိုင်းလေးလအတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး ၆၁ ဦးအပါအဝင် အရပ်သားပြည်သူ ၃၅၉ ဦး သေဆုံးခဲ့ကာ ၇၅၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကနေဒါအစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။















Comments