စစ်ကောင်စီထောက်ပို့ယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ခုနစ်ဦး ဖမ်းဆီးရမိကာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ
- BVJ

- Jan 10, 2025
- 1 min read
BVJ/အိုင်းရစ် _ ဇန်နဝါရီ ၁၀ ၊ ၂၀၂၅

စစ်ကိုင်းတိုင်း မုံရွာမြို့အခြေစိုက် စစ်ကောင်စီ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ ထွက်လာတဲ့ ရိက္ခာနဲ့ လက်နက်ထောက်ပို့ယာဉ် ၇ စီးကို မုံရွာခရိုင် တော်လှန်ရေးတပ်ဖွဲ့တွေက မနေ့ ဇန်နဝါရီ ၉ ရက်မှာ မနက်ပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက သတင်းထုတ်ပြန်လာပါတယ်။
မုံရွာမြို့အခြေစိုက် စစ်ကောင်စီ အမှတ် ၉၂၉ ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ် (ထပရ) နဲ့ တပ်မ ၇၇ လက်အောက်ခံ စစ်ကောင်စီ ထုတ်နုတ်အင်အားပါ စစ်ကောင်စီ ဒရုန်းဖျက်စက်ယာဉ် တပ်ထားတဲ့ Jammer ကား ၃ စီးနဲ့ ရိက္ခာကုန်တင်ကား ၇ စီးတို့ နပခဌာနချုပ်ကနေ ထွက်လာချိန် လမ်းတဝက်မှာ မုံရွာခရိုင် တော်လှန်ရေးတပ်ဖွဲ့တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

ထိတွေ့တိုက်ပွဲအတွင်း မုံရွာမြို့အခြေစိုက် စစ်ကောင်စီ အမှတ် ၅၀၈ အမြောက်တပ်က လက်နက်ကြီးပစ်ကူပေးခဲ့ပြီး ၁၂၂ မမ ဟောင်ဝစ်ဇာလက်နက်ကြီးနဲ့ ၄ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲံသလို စစ်ကူယာဉ် ၄ စီးကိုလည်း တပ်ကူပို့ဆောင်ခဲ့ပါသေးတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၅ ဦးခန့် သေဆုံးခဲ့ပြီး ၇ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့သလို တော်လှန်ရေးရဲဘော် ၁ ဦးလည်း တိုက်ပွဲအတွင်း ကျဆုံးခဲ့ပါတယ်။
နပခဌာနချုပ်က ထွက်လာတဲ့ စစ်ကောင်စီ ယာဉ်တန်းနဲ့ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီထံက G-3 (၂) လက်၊ MA-4 (၁) လက်၊ အူဇီ Uzi (၁) လက်၊ 5.56 မမ ကျည် (၄၁၉၀ ) တောင့် ၊ G-3 ကျည် (၅၀၀၀) တောင့် ၊ ၁၂၂ မမ ဟောင်ဝှစ်ဇာ (၁၅) လုံး၊ ဒရုန်း ဗုံးသီး (၂၀) လုံး၊ တိုက်မိုင်း (၃၀) လုံး ၊ ၇၃ မမ ဒုံးသီး (၂၀) လုံး၊ ၆၀ မမ ဗုံးသီး (၂၇) လုံး၊ ၄၀ မမ ဗုံးသီး (၃) လုံး၊ နင်းမိုင်းအသေး (၄၅) လုံး၊ Jammer စက်ကြီး (၃) လုံး၊ Jammer စက်သေး (၂) လုံး၊ ကျောပိုးလွယ်အိတ် (၆) လုံးနဲ့ အူဇီ Uzi ကျည်အိမ် (၂) ခုတို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ယင်းစစ်ဆင်ရေးကို မုံရွာခရိုင် ကွပ်ကဲရေးမှူး ညွှန်ကြားမှုနဲ့ မုံရွာခရိုင် တပ်ရင် (၁၈၊ ၂၀၊ ၂၂၊ ၂၄၊၂၇)၊ ဗျူဟာ-၆၆ (မုံရွာခရိုင် တပ်ရင်း-၁၉၊ ၂၁၊ ၂၆)၊ မုံရွာခရိုင် ဒရုန်းတပ်ဖွဲ့၊ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) (တိုက်နယ်-၁၊ ၂၊ ၄၊ ၅၊ ၈၊ ၁၀၊ ၁၁)၊ အရာတော်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)၊ မုံရွာမြို့နယ် ပကဖ (တိုက်နယ်-၂)နဲ့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) အဖွဲ့တို့က ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်ကလည်း စစ်ကောင်စီ အမှတ် ၈ စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ) က ထွက်လာတဲ့ အင်အား ၇၀ ပါ စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသတော်လှန်ရေးတပ်ဖွဲ့တို့ ဝက်လက်မြို့နယ် မုတ်ထိရွာနဲ့ မင်းကုန်းရွာကြားမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၇ ဦး သေဆုံးကာ ၆ ဦးကို ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်းရရှိခဲ့ပါသေးတယ်။




Comments