စစ်ကောင်စီ စစ်မှုထမ်းဥပဒေကြောင့် အဓမ္မဖမ်းဆီးခံရသူပေါင်း ၂၂၀၀၀ ကျော်ရှိတယ်လို့ NUG ထုတ်ပြန်
- Zayar Oo
- Jan 2
- 1 min read
BVJ/ထက်အောင် _ ဇန်နဝါရီ ၂ ၊ ၂၀၂၅

စစ်ကောင်စီ စစ်မှုထမ်းဥပဒေကြောင့် လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ဖြစ်စဉ်ပေါင်း ၁၁၆၉ ရှိခဲ့ကာ အဓမ္မ ဖမ်းဆီးခံရသူပေါင်း ၂၂၈၆၃ ဦးအထိရှိခဲ့တယ်လို့ လူ့အခွင့်အရေးဝန်ကြီးဌာန (MOHR) က ပြုစုထားတဲ့ အချက်အလက်တွေကို ကိုးကားပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မနေ့က ဇန်နဝါရီ ၁ ရက်မှာ ထုတ်ပြန်လာပါတယ်။
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက် စစ်ကောင်စီ စစ်မှုထမ်းဥပဒေကို ပြဌာန်းခဲ့ပြီးနောက်ပိုင်း ဒီဇင်ဘာလကုန်အထိ စစ်မှုထမ်းဥပဒေကြောင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုနဲ့ ဖမ်းဆီးခံရမှုတွေကို MOHR က စာရင်းပြုစုထားတာလည်းဖြစ်ပါတယ်။ MOHR ကို ပေးပို့တိုင်ကြားလာတဲ့ အချက်အလက်တွေနဲ့ စနစ်တကျ ကောက်ယူစုဆောင်းထားတဲ့ အချက်အလက်တွေကို အခြေခံကာ သုတေသနပြုလုပ်ထားတာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီက ဒီဇင်ဘာလအထိ ၁၁ လအတွင်း ဖမ်းဆီးခံရသူများထဲတွင် ရခိုင်ပြည်နယ်က ၃၈၄၉ ဦးနဲ့ အများဆုံးရှိခဲ့ပြီး မန္တလေးတိုင်း ၃၇၀၅ ဦး၊ ဧရာဝတီတိုင်း ၃၂၁၄ ဦးနဲ့ ဖမ်းဆီးခံရမှု အများဆုံးရှိခဲ့ပါတယ်။ စစ်ကောင်စီ ထိန်းချုပ်မှုအားနည်းတဲ့ ကရင်နီ (ကယား) ပြည်နယ်အတွင်းမှာတော့ စစ်ကောင်စီ စစ်မှုထမ်းဖမ်းဆီးခံရတာမျိုး မရှိတာကို NUG MOHR ရဲ့ အစီရင်ခံစာ အချက်အလက်များအရ သိရပါတယ်။

NUG MOHR ရဲ့ ပြုစုထားတဲ့ အချက်အလက်တွေဟာ ပေးပို့တိုင်ကြားမှုနဲ့ ကောက်ယူထားတဲ့ အချက်အလက်တွေအပေါ် အခြေခံထားတာမို့ မြေပြင်အခြေအနေနဲ့ ကွဲပြားမှုရှိနိုင်ပြီး ဖမ်းဆီးခံရသူအရေအတွက်ဟာ ပိုမိုများပြားနိုင်ပါတယ်။
စစ်မှုထမ်း အပတ်စဉ် ၁ ကနေ ၅ အထိ ပြုစုထားတဲ့ စစ်ကောင်စီ စစ်သားစုဆောင်းမှုစာရင်းကို ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) က ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ထုတ်ပြန်ခဲ့ပါသေးတယ်။ BACS ရဲ့ ပြုစုထားတဲ့ စာရင်းများအရ စစ်ကောင်စီ စစ်မှုထမ်းအရေအတွက် ၂၀၀၀၀ ကျော်ရှိခဲ့ပြီး အပတ်စဉ်တစ်ခု ပျှမ်းမျှ ၄၀၀၀ ကျော်အထိ ရှိခဲ့ပါတယ်။
စစ်ကောင်စီက စစ်မှုထမ်းတပ်သားသစ် စုဆောင်းမှုတွေကို ဆက်လက်လုပ်ဆောင်နေပြီး သတ်မှတ်အရည်အချင်းပြည့်မီတဲ့ လူငယ်လူရွယ်တွေကို ပြည်ပထွက်ခွင့် တင်းကြပ်ထားသလို ပြီးခဲ့တဲ့ အပတ်စဉ် ၈ တပ်သားသစ် စုဆောင်းမှုအတွင်း လိုအပ်တဲ့အရေအတွက် မပြည့်မီခဲ့တာကြောင့် ပြည်နယ်နဲ့ တိုင်းအသီးသီးမှာ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခံရမှုတွေ ရှိနေခဲ့ပါတယ်။







Comments