စစ်ကောင်စီကို လေယာဉ်နဲ့ လေကြောင်းလက်နက်တွေရောင်းပေးနေတဲ့ တရုတ် AVIC ကုမ္ပဏီကို အမေရိကန် အရေးယူ
- BVJ

- Jan 9
- 1 min read
BVJ/အိုင်းရစ် _ ဇန်နဝါရီ ၉ ၊ ၂၀၂၅

ပြည်သူတွေအပေါ် လေကြောင်းအကြမ်းဖက်တိုက်ခိုက်မှုနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီကို လေယာဉ်နဲ့ လေကြောင်းလက်နက်တွေ ရောင်းချပေးနေတဲ့ တရုတ်လေကြောင်းလုပ်ငန်း ကုမ္ပဏီကြီးဖြစ်တဲ့ Aviation Industry Corporation of China (AVIC) ကို အမေရိကန် ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
AVIC အပါအဝင် တရုတ်လေကြောင်းကုမ္ပဏီကြီး (၁၀)ခုနဲ့ အီလက်ထရောနစ်ကုမ္ပဏီကြီး တစ်ခုကို အရေးယူမှုထည့်သွင်းထားကြောင်း အမေရိကန် ကုန်သွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။
အမေရိကန်ရဲ့ ဒဏ်ခတ်အရေးယူမှုတွေထဲမှာပါဝင်တဲ့ AVIC ကုမ္ပဏီဟာ တရုတ်အစိုးရပိုင်လုပ်ငန်းစုကြီးတစ်ခုဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း စစ်ဘက်ဆိုင်ရာ လေယာဉ်တွေနဲ့ လက်နက်တွေ ဆက်လက်ရောင်းချမှုတွေ လုပ်ဆောင်နေတာပါ။ ဒါ့အပြင် စစ်လေယာဉ်တွေနဲ့ စစ်ဘက်ဆိုင်ရာ လက်နက်တွေ ပြုပြင်ထိန်းသိမ်းရေးပိုင်းမှာလည်း ဝန်ဆောင်မှုပေးနေတာလည်း ရှိတယ်လို့ သိရပါတယ်။
Justice For Myanmar နဲ့ Info Birmanie တို့က စုံစမ်းပြုစုထားတဲ့ အချက်အလက်တွေအရ FTC2000G အမျိုးအစား တိုက်လေယာဉ်၊ Hongdu K-8 အမျိုးအစား အပေါ့တိုက်ခိုက်ရေးလေယာဉ်၊ Shaanxi Y-8 အမျိုးစား စစ်ဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေးလေယာဉ်တို့အပါအဝင် Fixed Wing လေယာဉ်တွေကိုလည်း စစ်ကောင်စီက ဝယ်ယူထားပြီး ပြုပြင်ထိန်းသိမ်းမှုတွေကို AVIC က ဆောင်ရွက်ပေးနေတာလည်း ဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
တရုတ်အစိုးရပိုင် AVIC ကုမ္ပဏီဟာ ပြင်သစ်၊ စပိန်နဲ့ ဂျာမနီတို့ ပိုင်ဆိုင်တဲ့ Airbus ကုမ္ပဏီရဲ့မိတ်ဖက်ကုမ္ပဏီကြီးတခုဖြစ်ပြီး AVIC ကုမ္ပဏီမှာ Airbus က ရှယ်ယာ ၅ ရာခိုင်နှုန်း ပါဝင်ထားပါတယ်။ Airbus ကုမ္ပဏီအနေနဲ့ AVIC နဲ့ပတ်သက်ဆက်နွယ်နေမှုအပေါ် ကန့်ကွက်ဆန္ဒပြမှုတွေရှိနေပေမဲ့ သူတို့အနေနဲ့ အရပ်ဘက်လေကြောင်းလုပ်ငန်းနဲ့ ဝန်ဆောင်မှုတွေမှာသာ ဦးတည်လုပ်ဆောင်နေတယ်လို့ Airbus က ထုတ်ပြန်ထားပါတယ်။







Comments