ငလျင်ကြောင့် အမရပူရက ရှေးဟောင်းအမွေအနှစ်အဆောက်အအုံ ၃၅ ခုထက်မနည်း ပျက်စီးခဲ့တယ်လို့ NUG IBHA ထုတ်ပြန်
- BVJ

- Apr 30
- 1 min read
BVJ/အိုင်းရစ် _ ဧပြီ ၂၈ ၊ ၂၀၂၅

ပြိးခဲ့တဲ့ မတ်လ ၂၈ ရက်က ရစ်ချ်စကေး ၇.၇ အဆင့်ရှိ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုကြောင့် မန္တလေးနဲ့ စစ်ကိုင်းမှာရှိတဲ့ ဒေသခံနေအိမ်အဆောက်အအုံ၊ လမ်း၊ တံတားတွေအပါအဝင် ရှေးဟောင်းအမွေအနှစ်အဆောက်အအုံအများအပြားလည်း ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။
အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုကြောင့် မန္တလေးတိုင်း အမရပူရမြို့နယ်အတွင်းမှာရှိတဲ့ ရှေးဟောင်းအမွေအနှစ် အဆောက်အအုံ ၃၅ ခုထက်မနည်း ပျက်စီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အမွေအနှစ်ဆိုင်ရာ ကြားကာလ စီမံအုပ်ချုပ်ရေးဗဟိုအဖွဲ့ (IBHA) က ငလျင်လှုပ်ခတ်မှုအပြီး တစ်လပြည့်တဲ့ ဒီနေ့ ဧပြီ ၂၈ ရက်မှာ ထုတ်ပြန်လာပါတယ်။
ဒါဟာ ကနဦးကောက်ယူထားတဲ့ စာရင်းများသာဖြစ်ပြီး ထိခိုက်ပျက်စီးမှုအခြေ ဆက်လက်ထုတ်ပြန်သွားမှာဖြစ်ပြီး ကျန်တဲ့ဒေသတွေက ရှေးဟောင်းအမွေအနှစ် အဆောက်အအုံတွေ ထိခိုက်ပျက်စီးမှုတွေကို ဆက်လက်ကောက်ယူနေဆဲဖြစ်တယ်လို့ IBHA အလုပ်အမှုဆောင်ဥက္ကဌလည်းဖြစ်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးလည်းဖြစ်တဲ့ ဦးစိုးသူရထွန်းက Burma VJ ကို ပြောပါတယ်။

“ကျွန်တော်တို့ ဆက်ပြီး အချက်အလက်ကောက်နေတုန်းပဲ ရှိပါသေးတယ်။ ခုထုတ်ပြန်တာကလည်း Living document ပါ။ ဆက်တိုက်ပြင်နေရမှာပါ။ အချက်အလက်က ကိုယ်တိုင် ကောက်တာရော ပြည်သူတွေ ပို့တာရောနဲ့ ပေါင်းစပ်ရတာဖြစ်ပါတယ်” လို့ ဦးစိုးသူရထွန်းက ပြောပါတယ်။
အခုထုတ်ပြန်ထားတဲ့ အမရပူရမြို့နယ်အတွင်းက အမွေအနှစ်အပျက်အစီးစာရင်းတွေဟာ ကနဦး ကောက်ယူရရှိထားတဲ့ အချက်အလက်ကိုအခြေခံပြီး စာရင်းပြုစုထားတာဖြစ်ပြီး ပျက်စီးမှုအဆင့် သတ်မှတ်ရာမှာလည်း ရရှိထားတဲ့ ဓာတ်ပုံတွေအရ အသေးစားပျက်စီးခြင်း၊ အလယ်အလတ်ပျက်စီးခြင်းနဲ့ အလွန်အမင်ပျက်စီးခြင်းဆိုပြီး သုံးပိုင်းခွဲသတ်မှတ်ထားပေမဲ့ မြေပြင်ကွင်းဆင်းလေ့လာနိုင်မှု မရှိသေးတာကြောင့် အချက်အလက်ပြည့်စုံနိုင်မှု မရှိသေးဘူးလို့လည်း ဆိုပါတယ်။
ဒါကြောင့် ရှေးဟောင်းအမွေအနှစ် ပျက်စီးမှုတွေနဲ့ပတ်သက်ပြီး အချက်အလက်တွေ ဝိုင်းဝန်းပံ့ပိုးပေးကြဖို့ကိုလည်း IBHA က တောင်းဆိုထားပါတယ်။
အင်အားပြင်းငလျင်ကြောင့် မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားတဲ့ စစ်ကိုင်းတံတားဟောင်းအပါအဝင် ရှေးဟောင်းအဆောက်အအုံ အများအပြား ပြိုကျပျက်စီးခဲ့ပြီး အင်းဝမြို့ဟောင်းမှာရှိတဲ့ မယ်နုအုတ်ကျောင်း၊ လေးထပ်ကြီးကျောင်း၊ စန္ဒာမုနိဘုရား၊ မန္တလေးနန်းမြို့ရိုးနဲ့ စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ မင်းကွန်းဒေသမှာရှိတဲ့ မြသိန်းတန်စေတီ၊ ပုထိုးတော်ကြီးတို့လည်း ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။







Comments