ဂွမြို့ကို ဆက်လက်သိမ်းပိုက်နိုင်ရေး AA တပ်ဖွဲ့ ထိုးစစ်အရှိန်မြှင့်တင်
- Zayar Oo
- Dec 22, 2024
- 1 min read
BVJ/အေတီ _ ဒီဇင်ဘာ ၂၁ ၊၂၀၂၄

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက အမ်းမြို့တစ်မြို့လုံးနဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုပါ အပြီးသတ် သိမ်းယူနိုင်ခဲ့တဲ့ AA တပ်ဖွဲ့ဟာ ဂွမြို့ သိမ်းတိုက်ပွဲနိုင်ရေးအတွက် အရှိန်အဟုန်မြှင့်ထိုးစစ်ဆင်နေပါတယ်။
အာရက္ခတပ်တော် AA က တစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ မြိုလေးမြို့ အနက် အမ်း၊ တောင်ကုတ်၊ မောင်တောမြို့တွေကို သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်တဲ့အတွက် လက်ရှိအချိန်မှာ ဂွမြို့နယ် သိမ်းပိုက်နိုင်ဖို့ပဲ ကျန်ပါတော့တယ်။
တပ်ဆုတ်ခွာထွက်ပြေးတာတွေ ဆက်တိုက်လုပ်ဆောင်နေရတဲ့ စစ်ကောင်စီတပ်က ဂွမြို့ထဲက ကျေးရွာတွေနဲ့ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊တံတားတွေကို မိုင်းခွဲဖျက်ဆီးတာတွေလုပ်ဆောင်နေပါတယ်။ ဧရာဝတီတိုင်းအတွင်းကို တစ်ဆင့်ချင်း ဆုတ်ခွာထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ကို AA တပ်က နောက်ကနေ အဆက်မပြတ် လိုက်တိုက်နေတာကြောင့် ဂွမြို့နယ်ထဲမှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
စစ်ကောင်စီက ဂွမြို့မကျရေးအတွက် ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းအပါအဝင် နေရာစုံကနေ စစ်ကူတပ်တွေ ဆက်တိုက်ဖြည့်ပြီး ခုခံတိုက်ခိုက်နေပေမယ့် မကြာခင်ရက်ပိုင်းအတွင်း ဂွမြို့ကို လက်လွတ်ရမယ့်အခြေအနေတွေရှိနေပါတယ်။ ဂွမြို့မှာ အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ -၅) လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ ၅၆၂ ၊ ၅၆၃ တို့ရှိပါတယ်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၇/၁၈) ရက်နေ့တွေမှာ စစ်ကောင်စီတပ်က ဂွမြိုနယ်၊ "အလယ် ရွာ"ကိုလည်းကောင်း၊ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၁) ရက်နေ့တွင်လည်း နံနက် (၇) နာရီအချိန်ခန့်က စတင်ပြီး ခမရ (၅၆၃) အနီးအနားက လူနေအိမ်တွေကိုလည်းကောင်း မီးရှို့ ဖျက်ဆီးခဲ့ပါတယ်။
ရခိုင်ပြည်နယ်ထဲက ၁၇ မြို့နယ်အနက် မြေပုံ၊ မင်းပြား၊ မြောက်ဦး ၊ ကျောက်တော်၊ ပေါက်တော၊ ပုဏ္ဏား ကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ရမ်းဗြဲ၊ သံတွဲ၊ မောင်တောမြို့၊ တောင်ကုတ်၊ အမ်း စသည့် ၁၃ မြို့တို့ အပြင် ချင်းပြည်နယ် ပလက်ဝမြို့ကို AA က သိမ်းပိုက်ထားပါတယ်။







Comments