top of page

ဂွမြို့က စစ်ကောင်စီတပ်စခန်းအားလုံးကို AA သိမ်းယူနိုင်ခဲ့ပြီလို့ ဦးခိုင်သုခ အတည်ပြု

  • Writer: Zayar Oo
    Zayar Oo
  • Dec 31, 2024
  • 1 min read

BVJ/အိုင်းရစ် _ ဒီဇင်ဘာ ၂၉ ၊ ၂၀၂၄

ree

ရခိုင်ပြည်နယ်တောင်ပိုင်း ဂွမြို့နယ်က စစ်ကောင်စီတပ်စခန်းအားလုံးကို ဒီနေ့ ဒီဇင်ဘာ ၂၉ ရက် နေ့လည်ပိုင်းမှာ အပြီးသတ်သိမ်းယူနိုင်ခဲ့ပြီးဖြစ်တယ်လို့ အာရက္ခတပ်တော် (AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက Burma VJ ကို အတည်ပြုပြောပါတယ်။


ဂွမြို့မှာရှိနေတဲ့ စစ်ကောင်စီနောက်ဆုံးလက်ကျန်စခန်း အမှတ် ၅၆၂ ခြေမြန်တပ်ရင်းစခန်း (ခမရ)ကို AA တပ်တော်က အပြီးသတ်သိမ်းယူနိုင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား စခန်းစွန့်ခွာ ထွက်ပြေးသွားကြတယ်လို့လည်း သိရပါတယ်။ စစ်ကောင်စီ ခမရ ၅၆၃ တပ်စခန်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၂ ရက်မှာ သိမ်းယူထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။


“ဂွမြို့တိုက်ပွဲအခြေအနေကတော့ ဒီနေ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့ နေ့လည်ပိုင်းမှာ ဂွမြို့မှာရှိတဲ့အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီရဲ့ စစ်အခြေစိုက်စခန်းတွေအားလုံးကို ကျနော်တို့အာရက္ခတပ်တော်က ချေမှုန်းတိုက်ခိုက်ရှင်းလင်းသိမ်းပိုက်ထားနိုင်ပြီဖြစ်ပါတယ်။ ဂွမြို့ကနေ ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ကျနော်တို့ အာရက္ခတပ်တော်က လိုက်လံချေမှုန်းတိုက်ခိုက်လျက်ရှိပါတယ်”လို့ ဦးခိုင်သုခက Burma VJ ကို အတည်ပြုပြောကြားထားပါတယ်။


ဂွမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းအားလုံးကို AA တပ်တော်က အပြီးသတ်ထိုးစစ်ဆင်သိမ်းယူချိန် စစ်ကောင်စီတပ်က စစ်ကူအင်အားဖြည့်တင်းပြီး ဂွမြို့နဲ့ အနီးတဝိုက်ကို ဝင်ရောက်ဖို့ ကြိုးစားနေတာကြောင့် တချို့နေရာတွေမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့လည်း သိရပါတယ်။ စစ်ကောင်စီက ဂွမြို့ကို လက်မလွှတ်ရစေရေးအတွက် လေကြောင်းပစ်ကူပေးနေသလို ဧရာဝတီတိုင်း ကမ်းသာယာကမ်းခြေအနီးမှာရှိတဲ့ ရေတပ်ကလည်း လက်နက်ကြီးပစ်ကူပေးမှုတွေ လုပ်ဆောင်နေတာလည်း ရှိနေပါတယ်။


ဂွမြို့ကို သိမ်းယူနိုင်ခဲ့တဲ့အတွက် ရခိုင်ပြည်နယ်အတွင်း မြို့ပေါင်း ၁၄ မြို့အထိ AA တပ်တော်က ထိန်းချုပ်ထားနိုင်ခဲ့တာလည်းဖြစ်ပြီး မာန်အောင်၊ စစ်တွေ၊ ကျောက်ဖြူမြို့တို့ကိုသာ စစ်ကောင်စီက ထိန်းချုပ်ထားနိုင်ပါတော့တယ်။ စစ်တွေမြို့မှာလည်း စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ ခံစစ်ပြင်ဆင်မှုတွေ လုပ်ဆောင်နေတာလည်း ရှိနေပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page