ဂျပန်နဲ့ ထိုင်းအပါအဝင် ပြည်ပနိုင်ငံတွေကို အလုပ်သမားစေလွှတ်မှု စစ်ကောင်စီ ပိုမိုကန့်သတ်လာ
- BVJ

- Mar 23, 2025
- 1 min read
BVJ/ထက်အောင် _ မတ် ၂၃ ၊ ၂၀၂၅

ထိုင်းနဲ့ ဂျပန်နိုင်ငံတို့အပါအဝင် ပြည်ပနိုင်ငံတွေကို မြန်မာနိုင်ငံကနေ အလုပ်သမားစေလွှတ်တဲ့ အရေအတွက်နဲ့ အလုပ်ရှာဖွေရေးအေဂျင်စီတွေကို စစ်ကောင်စီက ပိုမိုကန့်သတ်လာမှုတွေ လုပ်ဆောင်နေပါတယ်။
နှစ်နိုင်ငံနားလည်မှုသဘောတူစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတွေဆီ မြန်မာကနေ အလုပ်သမားစေလွှတ်မှုနဲ့ပတ်သက်ပြီး ပြည်တွင်းအေဂျင်စီတွေအနေနဲ့ တစ်လတစ်ကြိမ်သာ အလုပ်ခေါ်စာတင်ပြခွင့်ရရှိမှဖြစ်ပြီး နိုင်ငံအလိုက် အလုပ်သမားစေလွှတ်မှုတွေကိုလည်း ကန့်သတ်လိုက်တာဖြစ်ပါတယ်။
ထိုင်းနိုင်ငံကို MoU စနစ်နဲ့ စေလွှတ်မယ့် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို အေဂျင်စီတစ်ခုအတွက် တစ်လ ၅၀ ဦးသာ သတ်မှတ်ထားပြီး အေဂျင်စီအနေနဲ့လည်း အလုပ်ခေါ်စာကို တစ်လ တစ်ကြိမ်သာ အလုပ်သမားဝန်ကြီးဌာနထံ တင်ပြရမယ်လို့ စစ်ကောင်စီက မတ်လ ၂၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဂျပန်နိုင်ငံကို MoU စနစ်နဲ့ စေလွှတ်မယ့် မြန်မာအလုပ်သမားတွေနဲ့ပတ်သက်ပြီး အေဂျင်စီတစ်ခုအတွက် တစ်လ ၁၅ ဦးသာ ကန့်သတ်ထားပြီး အေဂျင်စီအနေနဲ့ တစ်လ တစ်ကြိမ်သာ အလုပ်ခေါ်စာ တင်ပြရမယ်လို့ ဖော်ပြထားပါတယ်။
ပြည်ပနိုင်ငံတွေကို စေလွှတ်မယ့် လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနဲ့ သက်ဆိုင်ရာနိုင်ငံတွေက အလုပ်သမားသံအရာရှိတွေထံ အဆင့်ဆင့်တင်ပြဖို့လိုအပ်ပြီး အလုပ်သမားဝန်ကြီးဌာနက ခွင့်ပြုမှသာ အလုပ်သမားစေလွှတ်ခွင့်ရရှိမယ်လို့လည်း စစ်ကောင်စီက ဆိုပါတယ်။
ဒါ့အပြင် ထိုင်းနဲ့ ဂျပန်နိုင်ငံကို အလုပ်သမားစေလွှတ်မှု အရေအတွက် ကန့်သတ်ချက်တွေကို ထုတ်ပြန်ထားပြီး တောင်ကိုရီးယား၊ စင်ကာပူ၊ မလေးရှားနဲ့ တခြားနိုင်ငံတွေဆီ အလုပ်သမားစေလွှတ်မှု ကန့်သတ်ချက်တွေကိုလည်း ထပ်မံထုတ်ပြန်မယ်လို့ ဆိုထားပါတယ်။
၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းနဲ့ ၂၀၂၄ စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက်ပိုင်းမှာ မြန်မာလူငယ်တွေ ပြည်ပနိုင်ငံတွေကို ထွက်ခွာမှု ပိုမိုမြင့်တက်လာပြီးနောက်ပိုင်းမှာ စစ်ကောင်စီက လူငယ်၊ လူလတ်ပိုင်းတွေကို ပြည်ပထွက်ခွာမှု ကန့်သတ်တာတွေ ပိုမိုလုပ်ဆောင်ပါတယ်။ ဒါ့အပြင် စစ်မှုထမ်းနည်းဥပဒေကို ၂၀၂၅ ဇန်နဝါရီ အစောပိုင်းမှာ ထုတ်ပြန်ခဲ့ပြီး စစ်မှုထမ်း သတ်မှတ်ချက်နဲ့ အကျုံးဝင်သူတွေကို စစ်ကောင်စီ ခွင့်ပြုမှသာ ပြည်ပထွက်ခွာခွင့်ရမယ်လို့လည်း ထုတ်ပြန်ထားပါသေးတယ်။







Comments