ဂန့်ဂေါမြို့ နှမ်းခါးကျေးရွာ ဆေးပေးခန်း ဗုံးကြဲတိုက်ခိုက်ခံရမှု၊ ဆရာဝန် တစ်မိသားစုလုံး အပါအဝင် ၁၁ဦးသေဆုံး
- BVJ

- Mar 24
- 1 min read
BVJ/အေတီ_ မတ်၂၃ ၊ ၂၀၂၅

မကွေးတိုင်း ဂန့်ဂေါမြို့နယ် နှမ်းခါးကျေးရွာ ဆေးပေးခန်းကို မတ်လ ၂၂ရက်နေ့မှာ စစ်ကောင်စီက ဗုးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေါက်တာမြစိုးအောင် (အသက် ၄၀ နှစ်)၊ လေးလသားအရွယ် ကိုယ်ဝန်လွယ်ထားတဲ့ ဇနီးဖြစ်သူ အထက်တန်းသူနာပြု ဒေါ်ခိုင်နှင်းဝေ (အသက် ၃၉ နှစ်)၊ သားဖြစ်သူ (အသက် ၅ နှစ်) အပါအဝင် လူနာ၊ လူနာစောင့်နှင့် ပြည်သူ (၈) ဦး၊ စုစုပေါင်း (၁၁) ဦး သေဆုံးခဲ့တယ်လို့ NUG အစိုးရ ကျန်းမားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
၂၂ရက်နေ့၊မနက်ပိုင်း လူနာတွေကို ဒေါက်တာမြစိုးအောင်က ဆေးကုသမှုဆောင်ရွက်နေစဥ် စစ်ကောင်စီက နှမ်းခါးကျေးရွာကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ အထက်ပါ ထုတ် ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ သေဆုံးတဲ့သူတွေထဲမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးနဲ့ ကလေးငယ် ၅ဦးပါဝင်ပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးခန်း မီးလောင်ပျက်စီးခဲ့ပြီး အနီးအနားက နေအိမ်တွေပါ ပြိုကျပျက် စီးခဲ့ပါတယ်။ ဒေါက်တာမြစိုးအောင်နှင့် ဇနီးဖြစ်သူ ဒေါ်ခိုင်နှင်းဝေတို့မှာ ၂၀၂၁ ခုနှစ်၊ စစ်အာဏာသိ မ်းပြီးနောက်ပိုင်း အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement – CDM)လှုပ်ရှားမှုမှာပူးပေါင်းပါဝင်ခဲ့ပြီး၊မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်းမှာ လိုက်လံ ဆေးကုသမှုပြုလုပ်ပေးနေတဲ့သူတွေ ဖြစ်ပါတယ်။
ကျဆုံးသွားတဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို CDM အာဇာနည်သူရဲကောင်းများအဖြစ် အသိ အမှတ်ပြုအပ်ပြီး သေဆုံးခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ လူနာတွေ၊ ပြည်သူတွေအတွက် မိသားစုများနှင့်ထပ် တူ ကြေကွဲဝမ်နည်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီး ဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။
စစ်ကောင်စီက အရပ်သားပစ်မှတ်တွေကို ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီဟာ မတ်လ ၁၆ ရက်နေ့ ကလည်း နောင်ချိုမြို့ က စိန်ရတနာ စာသင်တိုက် ဘုန်းကြီးကျောင်း ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။ အထက်ပါဗုံးကြဲတိုက်ခိုက်မှုကြောင့် သံဃာ ၉ပါး (ကိုရင် ၈ပါး၊ ဦးဇင်း ၁ပါး)အပါအဝင် စုစုပေါင်း ၁၄ဦး သေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။







Comments