ချင်းပြည်နယ်လွတ်မြောက်ရေး ပူးပေါင်းဆောင်ရွက်မှုတွေလိုအပ်တယ်လို့ ချင်းညီနောင် ပြော
- Zayar Oo
- Dec 23, 2024
- 1 min read
BVJ/အိုင်းရစ် _ ဒီဇင်ဘာ ၂၃ ၊ ၂၀၂၄

ချင်းပြည်နယ်တစ်ခုလုံး စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ရေး ပြည်နယ်အတွင်းမှာရှိတဲ့ သက်ဆိုင်ရာအဖွဲ့အစည်း ပူးပေါင်းပါဝင်မှုရှိမှသာ လွတ်မြောက်နိုင်မှာဖြစ်တယ်လို့ ဒီနေ့ ဒီဇင်ဘာ ၂၃ ရက်နေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ချင်းညီနောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်က Burma VJ ရဲ့ မေးမြန်းမှုကို ဖြေကြားပါတယ်။
ချင်းညီနောင်အဖွဲ့ (Chin Brotherhood-CB) နဲ့ ချင်းပြည်ကောင်စီ (Chinland Council - CC) ကြား သဘောထားကွဲလွဲမှုတွေ ရှိပေမဲ့ စစ်အာဏာရှင် ပြုတ်ကျရေးကသာ ပိုအရေးကြီးပြီး ဖက်ဒရယ်ဒီမိုကရေစီကို တည်ထောင်ဖို့၊ စစ်အာဏာရှင်ဖြုတ်ချဖို့ကိစ္စမှာ နှစ်ဖက်အဖွဲ့အစည်းကြား သဘောထားတိုက်ဆိုင်မှု၊ တူညီမှုရှိကြတယ်လို့လည်း ဆလိုင်းယောမန်က ပြောပါတယ်။
“ကျွန်တော်တို့ တကယ့်တကယ် ချင်းပြည် လွတ်မြောက်ဖို့ ကျွန်တော်တို့ ပူးပေါင်းမှပဲ လွတ်မြောက်မယ်ဆိုတာလည်း နားလည်တယ်။ ဒါက အရှိတရားပဲ။ ကျွန်တော်တို့ ပူးပေါင်းတဲ့အခါကျမှပဲလည်း လက်တွေ့ကျကျ ပူးပေါင်းဖို့ လိုတယ်၊ စစ်မှန်တဲ့ အပြန်အလှန်လေးစား တန်ဖိုးထားမှု၊ ရိုသားမှု၊ မှန်ကန်မှုတို့နဲ့ပဲ ပူးပေါင်းလို့ရမှာ ဖြစ်တယ်။ ဒါက စစ်ရေး စစ်ဆင်မှုဆိုတာ အသက်ပေးယုံကြည်ရတာဖြစ်တယ်ဆိုတာ ဘယ်လိုပြောမလဲ၊ Mindset တွေပဲပြောပြော နိုင်ငံရေးလက်ဦးမှု စတဲ့ဟာတွေ တစ်ခုမှ ရှိလို့မရဘူး။ ကျွန်တော်တို့အနေနဲ့ အသက်ရင်းပြီးမှ တကယ့်သေဖော်သေဖက် ရဲဘော်တွေလို ပူးပေါင်းမှပဲ ကျွန်တော်တို့ စစ်ဆင်ရေးတစ်ခုဆိုတာ အောင်မြင်မှာဖြစ်တယ်”လို့ သတင်းစာရှင်းလင်းပွဲမှာ ဆလိုင်းယောမန်က Burma VJ ရဲ့မေးခွန်းကို ဖြေကြားပါတယ်။
ချင်းညီနောင်အဖွဲ့နဲ့ ချင်းပြည်နယ်ကောင်စီ နှစ်ဖက်အဖွဲ့အစည်းအကြား တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်နေတာတွေရှိပေမဲ့ အခက်အခဲတွေလည်း ရှိနေသေးတယ်လို့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) ဥက္ကဌ ဒေါက်တာခင်သော်ကလည်း ဖြေကြားထားပါတယ်။
နှစ်ဖက်ညှိနှိုင်းရေးအတွက် ICNCC/CB အနေနဲ့လည်း အထူးအဖွဲ့ ဖွဲ့စည်းထားပြီး ချမှတ်ထားတဲ့အဆင့်တွေလည်းရှိသလို တတိယအုပ်စု (Third Party) တွေနဲ့ တောက်လျှောက်အဖြေရှာ လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။
“ခက်တော့ ခက်နေပါသေးတယ်။ ယုံကြည်ဖို့လည်း ခက်တယ်၊ ဆွေးနွေးစရာတချို့နေရာတွေလည်း အတော်များများ အချိန်ယူပြီးတော့ ဆွေးနွေးညှိနှိုင်းဖို့တွေ ရှိနေသေးတယ်။ ကျွန်တော်တို့ ဆွေးနွေးညှိနှိုင်းရာမှာ ချမှတ်ထားတဲ့အချက်တချို့ ရှိပါတယ်။ ပထမအဆင့်၊ ဒုတိယအဆင့်ဆိုပြီး ရှိထားပြီးတော့ ပထမအဆင့်မှာ Pre-condition အနေနဲ့ ခြောက်ခုရှိပါတယ်။ ကျွန်တော်တို့ တကယ်အပြည့်အဝ လိုက်နာနိုင်တယ်ဆိုရင် ICNCC/CB ဘက်ကသော်လည်းကောင်း၊ Chinland Council ဘက်က နှစ်ဖက်စလုံးအတွက် အကောင်းဆုံးဖြစ်မယ့် အဆင့်တွေ ကျွန်တော်တို့ ချထားခြင်းဖြစ်တယ်”လို့ ICNCC ဥက္ကဌ ဒေါက်တာခင်သော်က ပြောပါတယ်။
ချင်းညီနောင်အဖွဲ့နဲ့ ချင်းပြည်ကောင်စီ နှစ်ဖွဲ့အစည်းအကြား တွေ့ဆုံဆွေးနွေးမှုကို ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းက ကြားခံအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Crisis Management Initiative – CMI က ဦးဆောင်ပြီး တတိယအဖွဲ့အစည်းတွေနဲ့ နယူးဒေလီမှာ တွေ့ဆုံမှု လုပ်ဆောင်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ဒီလိုတွေ့ဆုံမှုဟာ CB နဲ့ CC ကြား တွေ့ဆုံမှုမျိုး မဟုတ်ဘဲ CMI နဲ့ တစ်ဖွဲ့ချင်း တွေ့ဆုံပြီး အချက်အလက်စုဆောင်းတဲ့အခြေအနေမျိုးသာ ဖြစ်တယ်လို့ ဆလိုင်းယောမန်ကလည်း ပြောထားပါတယ်။
ချင်းပြည်ကောင်စီလက်အောက်ခံ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေကလည်း ဟားခါး၊ တွန်းဇံ၊ ထန်တလန်၊ ဖလမ်း၊ မတူပီမြို့တွေမှာရှိတဲ့ စစ်ကောင်စီအခြေစိုက်တပ်စခန်းတွေကို သိမ်းယူထားမှုတွေရှိနေပါတယ်။ ချင်းညီနောင် ပူးပေါင်းတပ်ဖွဲ့တွေကလည်း ပလက်ဝ၊ ကန်ပက်လက်၊ မင်းတပ်နဲ့ မတူပီတို့မှာ စစ်ကောင်စီတပ်တွေ အပြီးသတ်သိမ်းယူနိုင်ခဲ့တာကြောင့် ချင်းပြည်နယ်တောင်ပိုင်းမှာ စစ်ကောင်စီကင်းစင်သွားပြီလို့ သတင်းစာရှင်းလင်းပွဲမှာ ချင်းညီနောင်က ပြောထားပါတယ်။







Comments