ချင်းတော်လှန်ရေးခေါင်းဆောင်တွေ ညှိနှိုင်းပြီး ချင်းဒေသကိုအတူထူထောင်ဖို့ NUGမျှော်လင့်
- BVJ

- Feb 21
- 1 min read
BVJ/မိုနာ_ ဖေဖော်ဝါရီ ၂၀၊ ၂၀၂၅

ချင်းတော်လှန်ရေးခေါင်းဆောင်အချင်းချင်း ဆွေးနွေးညှိနှိုင်းပြီး ချင်းဒေသကိုအတူတကွလက်တွဲထူထောင်ဖို့ မျှော်လင့်တယ်လို့ (၇၇)နှစ်မြောက် ချင်းအမျိုးသားနေ့ကို ပေးပို့တဲ့သဝဏ်လွှာမှာ အမျိုးသားညီညွတ်ရေးအစိုးရ-NUGက ထည့်သွင်းပြောဆိုထားပါတယ်။
ပြည်သူ့နွေဦးတော်လှန်ရေးမှာ ချင်းတိုင်းရင်းသားတွေအတွက် ဦးဆောင်ဦးရွက်ပြုလျက်ရှိကြတဲ့ တော်လှန်ရေးအဖွဲ့အစည်းအသီးသီးက ခေါင်းဆောင်ကြီးတွေအနေနဲ့ အချင်းချင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းတိုင်ပင်ကာ လွတ်လပ်ပြီးကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝရှိတဲ့ ချင်းဒေသကို အတူတကွ လက်တွဲထူထောင်နိုင်ဖို့ မျှော်လင့်ကြောင်းကို NUGက ပြောထားတာပါ။
လက်ရှိ နွေဦးတော်လှန်ရေးကာလ တူမီးလက်နက်နဲ့ ပြည်သူကိုကာကွယ်ပေးခဲ့ပြီး စစ်အာဏာရှင်ကို စတင်ခုခံတွန်းလှန်တဲ့ ချင်းအမျိုးသားတို့ရဲ့ သမိုင်းဟာ ဂုဏ်ယူဝမ်းမြောက်ဖွယ်ဖြစ်ကြောင်းနဲ့ နယ်ချဲ့အစိုးရနဲ့ ဖက်ဆစ်တော်လှန်ရေးသမိုင်း၊ ပင်လုံစာချုပ်ချုပ်ဆိုတဲ့သမိုင်းနဲ့ လက်ရှိမှာလည်း တွင်လည်း NUGနဲ့လက်တွဲပြီး စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေး အတူပူးပေါင်း တိုက်ပွဲဝင်လျက်ရှိတဲ့ ချင်းအမျိုးသားခေါင်းဆောင်တွေနဲ့ ချင်းမဟာမိတ်တိုင်းရင်းသားတပ်ဖွဲ့အသီးသီးကို ဂုဏ်ယူစွာကမ္ဗည်း မှတ်တမ်းတင်ထားတယ်လို့လည်း သဝဏ်လွှာမှာဖော်ပြပါတယ်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရရှိရေး၊ အမျိုးသားတန်းတူရေးနဲ့ မပြီးဆုံးသေးတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် တည်ဆောက်ရေးတို့မှာလည်း မဟာမိတ်ချင်းတိုင်းရင်းသား ခေါင်းဆောင်တွေ ချင်းပြည်သူလူထုနဲ့အတူ ဆက်လက်လက်တွဲဆောင်ရွက်သွားမယ်လို့ NUGက ကတိပြုထားပါတယ်။
ချင်းပြည်နယ်အတွင်း စစ်ကောင်စီကိုတော်လှန်တိုက်ခိုက်နေတဲ့ ချင်းပြည်ကောင်စီ (CC)နဲ့ ချင်းညီနောင်အဖွဲ့ (CB)တို့ကြား သဘောထားကွဲလွဲမှုတွေရှိနေပြီး မပြေလည်မှုတွေဖြစ်ပေါ်နေတာကြောင့် နှစ်ဖက်ထိတွေ့မှုတွေ မကြာခဏဖြစ်ပွားလေ့ရှိပါတယ်။







Comments