ခလရ ၂၇၄ ကို အပြီးသတ်သိမ်းယူပြီးနောက် မင်းတပ်မြို့ကို ချင်းညီနောင်အဖွဲ့ ထိန်းချုပ်
- Zayar Oo
- Dec 22, 2024
- 1 min read
BVJ/အိုင်းရစ် _ ဒီဇင်ဘာ ၂၁ ၊ ၂၀၂၄

ချင်းပြည်နယ် မင်းတပ်မြို့မှာရှိတဲ့ စစ်ကောင်စီ အမှတ် ၂၇၄ ခြေမြန်တပ်ရင်းစခန်းကို ဒီနေ့ ဒီဇင်ဘာ ၂၁ ရက် မနက်ပိုင်းမှာ အပြီးသတ်သိမ်းယူနိုင်ခဲ့ပြီးနောက် မင်းတပ်မြို့တစ်ခုလုံးကို ချင်းညီနောင် ပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်လို့ ချင်းဒေသတွင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။
မင်းတပ်မြို့မှာရှိတဲ့ ခလရ ၂၇၄ တပ်စခန်းဟာ စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်စခန်းတစ်ခုဖြစ်ပြီး မင်းတပ်-ဖလမ်း မြို့သိမ်းစစ်ဆင်ရေးအဖြစ် ချင်းညီနောင် ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့ကတည်းက စစ်ဆင်ရေး ဖော်ဆောင်နေတာလည်း ဖြစ်ပါတယ်။
မင်းတပ်မြို့ ခလရ ၂၇၄ ကို ချင်းညီနောင်ပူးပေါင်းအဖွဲ့တွေ အပြီးသတ်သိမ်းယူမှုနဲ့ပတ်သက်ပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုယောမန်ကလည်း လက်ရှိအချိန်မှာ ပြောလို့မရသေးဘဲ ပြီးမှသာ တရားဝင် သတင်းထုတ်ပြန်ပါမယ်လို့ Burma VJ ရဲ့ မေးမြန်းမှုကို ပြန်လည််ဖြေကြားထားပါတယ်။
ချင်းညီနောင် ပူးပေါင်းတပ်တွေက မင်းတပ်-ဖလမ်း မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေချိန်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇၀ နီးပါး လက်နက်ချအလင်းဝင်မှုတွေရှိနေပြီး ဖလမ်းမြို့မှာရှိတဲ့ စစ်ကောင်စီတပ်စွဲထားတဲ့ အခြေစိုက်နေရာတွေကို အပြီးသတ်သိမ်းယူထားနိုင်ခဲ့တယ်လို့ မနေ့က ဒီဇင်ဘာ ၂၀ ရက်မှာ ထုတ်ပြန်ထားပါသေးတယ်။
မင်းတပ်မြို့ ခလရ ၂၇၄ ကို ချင်းညီနောင်အဖွဲ့က သိမ်းယူချိန် စစ်ကောင်စီ ဗိုလ်မှူးကြီးအဆင့် တာဝန်ရှိသူတစ်ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့သလို လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရရှိထားတယ်လို့ Chin World သတင်းဌာနကလည်း ဖော်ပြထားပါတယ်။







Comments