top of page

ခရစ္စမတ်နေ့မှာ မိုးဗြဲမြို့ပေါ်ရပ်ကွက်တွေကို စစ်ကောင်စီ ဒရုန်းနဲ့ ဗုံးကြဲချ

  • Writer: Zayar Oo
    Zayar Oo
  • Dec 28, 2024
  • 1 min read

BVJ/အိုင်းရစ် _ ဒီဇင်ဘာ ၂၅ ၊ ၂၀၂၄

ree

ကရင်နီပြည်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းအစပ် မိုးဗြဲမြို့ပေါ်ရပ်ကွက်တွေကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူနေအိမ် (၅၀)ကျော် ပျက်စီးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ထံက သိရပါတယ်။


မိုးဗြဲမြို့ အခြေစိုက် အမှတ် ၄၂၂ ခြေမြန်တပ်ရင်းစခန်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့က ဒီနေ့ ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်နေ့မှာ မိုးဗြဲမြို့ပေါ် သစ်ယာကုန်းရပ်ကွက်နဲ့ ပေါ်ဦးရပ်ကွက်တွေကို လေကြောင်းကနေ ဒရုန်းနဲ့ Drop Bomb ကြဲချတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။


“မိုးဗြဲမှာ စစ်ကောင်စီဘက်က ပြည်သူတွေရဲ့နေအိမ်ပေါ်ကို ဒရုန်းတွေနဲ့ Drop ဗုံးတွေချပြီးတော့ တိုက်ခိုက်တဲ့အတွက် မိုးဗြဲ သစ်ရာကုန်းရပ်ကွက်နဲ့ ပေါ်ဦးရပ်ကွက်တွေမှာ နေအိမ် အနည်းဆုံး (၅၀)ကျော် ပျက်စီးခဲ့ရတယ်၊ ပြည်သူတွေကတော့ စစ်ရှောင်သွားလို့ မထိခိုက်ခဲ့ပါဘူး” လို့ KNDF သတင်းပြန်ကြားရေးတာဝန်ခံ သာအယ်စိုးက Burma VJ ကို ပြောပါတယ်။



ခမရ ၄၂၂ မှာရှိတဲ့ စစ်ကောင်စီတပ်က မိုးဗြဲမြို့ထဲကို စစ်ကြောင်းထိုးဖို့ မလုပ်ဆောင်မီ လေကြောင်းကနေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှု ကနဦး လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဗုံးကြဲတိုက်ခိုက်မှုအပြီး စစ်ကြောင်းသုံးကြောင်းနဲ့ မိုးဗြဲမြို့ထဲ ဝင်ရောက်လာချိန် ဒေသတော်လှန်ရေးတပ်ဖွဲ့တွေက ခုခံတိုက်ခိုက်ခဲ့တာကြောင့် ရှေ့ဆက်မတိုးနိုင်ဘဲ ရှိနေတယ်လို့လည်း သိရပါတယ်။ မိုးဗြဲမြို့နယ်အနီးဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားမှုကတော့ နေ့တိုင်းနီးပါးရှိနေတယ်လို့လည်း သာအယ်စိုးက ပြောပါတယ်။


ဒါ့အပြင် ဖယ်ခုံမြို့နယ်နဲ့ ပင်လောင်းမြို့နယ်တို့မှာ တိုက်ပွဲဖြစ်ပွားမှု ကြီးကြီးမားမား မရှိပေမဲ့ စစ်ကောင်စီက ဒေသခံပြည်သူတွေ ဖမ်းဆီးတာ၊ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNO) က အတင်းအဓမ္မ တပ်သားသစ် စုဆောင်းတာတွေ လုပ်နေတယ်လို့ သိရပါတယ်။


“ကောက်ရိတ်နေတဲ့ ပြည်သူအချို့ကို စစ်ကောင်စီဘက်က ဖမ်းဆီးနေတဲ့သတင်းတွေကို ကျွန်တော်တို့ ကြားသိနေရတယ်။ နောက်ပြီးတော့ ပင်လောင်း-ဖယ်ခုံအစပ်မှာရှိတဲ့ ကျေးရွာတွေ၊ အထူးသဖြင့် PNO ရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ ကျေးရွာတွေမှာ PNO က အတင်းအဓမ္မ စစ်သားစုဆောင်းတာတွေ လုပ်နေတယ်။ တစ်အိမ်ထောင်တစ်ဦး PNO ထဲ ဝင်ရတယ်ပေါ့နော်။ စစ်မှုမထမ်းမနေရပုံစံမျိုးနဲ့ အတင်းအဓမ္မ တပ်သားတွေ စုဆောင်းနေတယ်လို့ သိရပါတယ်” လို့ KNDF သတင်းပြန်ကြားရေး တာဝန်ခံ သာအယ်စိုးက ပြောပါတယ်။


အခုလ ဒီဇင်ဘာ ၇ ရက်နဲ့ ၈ ရက်ကလည်း ခမရ ၄၂၂ စစ်ကောင်စီတပ်က မိုးဗြဲမြို့နဲ့ အနီးဝန်းကျင်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ချိန် ဓာတုလက်နက် အသုံးပြုပြီး အဆိပ်ငွေ့ပြား S-PHOS (အက်စ်ဖော့စ်) တွေကို အသုံးပြု တိုက်ခိုက်ခဲ့တာရှိတယ်လို့ KNDF ကလည်း ထုတ်ပြန်ထားပါသေးတယ်။ ဖယ်ခုံ၊ မိုးဗြဲ၊ လွိုင်ကော်လမ်းမကြီးတွေမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား မကြာခဏ ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုတွေရှိနေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့လည်း အထူးသတိပြုသွားလာကြဖို့ကိုလည်း အသိပေး တိုက်တွန်းထားပါတယ်။


ပုံစာ - စစ်ကောင်စီ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ ဒေသံပြည်သူနေအိမ်အချို့ (Photo: KNDF ပေးပို့)

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page