ခင်ဦး NLD လွှတ်တော်အမတ်ရဲ့ ဇနီးနဲ့သမီး ပြန်လည်လွတ်မြောက်လာ
- Zayar Oo
- Jan 7
- 1 min read
BVJ/အိုင်းရစ် _ ဇန်နဝါရီ ၆ ၊ ၂၀၂၅

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းအောင်ရဲ့ ဇနီးနဲ့ သမီးဖြစ်သူတို့ဟာ ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့မှာ ပြန်လည်လွတ်မြောက်လာတယ်လို့ သိရပါတယ်။
ဇနီးဖြစ်သူ ဒေါ်နီလာနဲ့ သမီးအကြီးဖြစ်သူ မအိနန္ဒာတို့ဟာ အတူပြန်လည်လွတ်မြောက်ပြီဖြစ်ကြောင်းကိုလည်း ဒေါက်တာဝင်းအောင်က Burma VJ ကို အတည်ပြုပါတယ်။
NLD လွှတ်တော်အမတ် ဒေါက်တာ ဝင်းအောင်ရဲ့ ဇနီးနဲ့ သမီးဖြစ်သူကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်မှာ ခင်ဦးမြို့နယ် အောင်ချမ်းသာရပ်ကွက် နေအိမ်မှာရှိနေချိန် စစ်ကောင်စီတပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားတာဖြစ်ပြီး တလအကြာ မတ်လ ၂၁ ရက်မှာ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅-က(ဂ) နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် သုံးနှစ်စီ ချမှတ်ခံရပြီး ရွှေဘိုအကျဉ်းထောင်မှာ အကျဉ်းကျခံနေရတာပါ။
“ရွှေဘိုထောင်ကနေ လွတ်ပါတယ်ဗျ။ ၅၀၅ နဲ့ ကျထားတာ။ ၂ နှစ်ပြည့်ဖို့ ၂ လမှာ ပြန်လွတ်လာတယ်။ လက်ရှိကတော့ ခရီးထွက်နေပါတယ်။ မိသားစုတွေကတော့ တကွဲတပြားစီဖြစ်နေတယ်။ သွားတွေ့ဖို့က။ သူတို့ ပြန်လွတ်လာတာ ဝမ်းသာပါတယ်။ လွတ်မယ်လို့ ကျွန်တော် မထင်ထားဘူး။ သိပ်မျှော်လင့်မထားခဲ့ဘူး"လို့ ဒေါက်တာ ဝင်းအောင်က Burma VJ ကို ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း NLD ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာ ဝင်းအောင်ဟာ လုံခြုံရေးအခြေအနေအရ လွတ်မြောက်နေရာမှာ ရှောင်တိမ်းနေရချိန် ဇနီးဖြစ်သူနဲ့ သမီးဖြစ်သူတို့ဟာ စစ်ကောင်စီရဲ့ ဖမ်းဆီးမှုကို မခံရခင်အချိန်ထိ ခံဝန်ထိုးပြီး နေထိုင်နေရတာလည်း ဖြစ်ပါတယ်။
ရေဦးမြို့နယ် ကျေးရွာတစ်ခုမှာ နေထိုင်တဲ့ ဒေါက်တာဝင်းအောင်ရဲ့ သမီးအငယ်တစ်ဦးနဲ့ သားမက်ဖြစ်သူတို့ဟာ ၂၀၂၃ ဖေဖော်ဝါရီ ၂၃ ရက် ယမ်းပေါက်ကွဲမှုအတွင်း သေဆုံးခဲ့ပြီး နောက်တရက်မှာ ခင်ဦးမြို့နယ်မှာရှိတဲ့ ဇနီးဖြစ်သူနဲ့ သမီးအကြီးဖြစ်သူတို့ကို စစ်ကောင်စီက လာရောက်ဖမ်းဆီးခဲ့တာပါ။
ဇနီးဖြစ်သူ ဒေါ်နီလာနဲ့ သမီးအကြီးဖြစ်သူ မအိနန္ဒာအောင်တို့ ရွှေဘိုထောင်မှာ အကျဉ်းကျခံနေရချိန် ပထမနှစ်မှာ ကိုဗစ်အကြောင်းပြပြီး မိသားစုဝင်တွေကို စစ်ကောင်စီက ထောင်ဝင်စာတွေ့ခွင့်မပေးခဲ့ပါဘူး။ နောက်ပိုင်းကျမှသာ ဒေါ်နီလာရဲ့ ညီမဖြစ်သူ ထောင်ဝင်စာတွေ့ခွင့် နှစ်ကြိမ်၊ သုံးကြိမ်သာရရှိခဲ့ပြီး ထပ်မံတွေ့ခွင့်မရခဲ့ဘူးလို့လည်း ဒေါက်တာဝင်းအောင်က ပြောပါတယ်။
“ပထမနှစ်ကလည်း ကိုဗစ်အကြောင်းပြပြီး ထောင်ဝင်စာ မတွေ့ရဘူး။ နောက်ပိုင်းကျတော့ သူ့ညီမက သွားတွေ့တာ၊ နှစ်ခါ သုံးခါလောက်ပဲ တွေ့ရတယ်။ ထောင်ကနေ အကျဉ်းသားနှစ်ယောက် ထွက်ပြေးတာနဲ့ပတ်သက်ပြီး ထောင်ဝင်စာတွေ ပေးမတွေ့တော့ဘူး။ ပါဆယ်နဲ့ပဲ သွားရတယ်” လို့ ဒေါက်တာဝင်းအောင်က ပြောပါတယ်။
ထောင်ဝင်စာတွေ့ခွင့်မရတော့တဲ့နောက်ပိုင်း အကျဉ်းကျခံနေရချိန်အတွင်း ကျန်းမာရေးအခြေအနေကို ဇနီးဖြစ်သူရဲ့ ကျန်းမာရေးအခြေအနေကို သေချာမသိရတော့ဘူးလို့လည်း သိရပါတယ်။ ဒါ့အပြင် ဇနီးဖြစ်သူ ဒေါ်နီလာမှာ သွေးတိုး၊ ဆီးချိုရောဂါရှိတာကြောင့် ထောင်တွင်းမှာရရှိတဲ့ ဆေးဝါးကို သောက်သုံးခဲ့ရပြီး စိုးရိမ်ရတာကြောင့် ပြန်လည်လွတ်မြောက်လာချိန် ကျန်းမာရေး ပြန်လည်စစ်ဆေးဖို့ လိုအပ်မယ်လို့လည်း ဒေါက်တာ ဝင်းအောင်က ပြောပါတယ်။
ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့မှာ အကျဉ်းသား၊ အကျဉ်းသူ (၅၈၀၀)ကျော်ကို စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပြီး အဲဒီအထဲမှာ ပုဒ်မ ၅၀၅ နဲ့ ဖမ်းဆီးခံထားရသူ နိုင်ငံရေးအကျဉ်းသား (၆၀၀)ဝန်းကျင်ကို ပြန်လွတ်ပေးလိုက်တယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောထားပေမယ့် လွတ်မြောက်လာတဲ့ထဲမှာ နိုင်ငံရေးအကျဉ်းသား (၂၆၇) ဦးသာ ပါဝင်လာသေးကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က ထုတ်ပြန်ထားပါတယ်။







Comments