ခင်ဦးမြို့နယ် တဲစုရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ မီးရှို့နေ
- BVJ

- Jan 17
- 1 min read
BVJ/အိုင်းရစ် _ ဇန်နဝါရီ ၁၇ ၊ ၂၀၂၅

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ရွှေကူတဲစုရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက ဒီနေ့မနက်အစောပိုင်း လေးနာရီဝန်းကျင်မှာ စစ်ကြောင်းထိုး ဝင်လာပြီး ရွာအတွင်းက နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့အတူ ပြင်ထောင်ရွာ (ပျူရွာ) က ပြည်သူ့စစ် ပျူစောထီးတွေလည်းပါလာပြီး အင်အား (၅၀) ဝန်းကျင်ခန့်နဲ့ သေနတ်ပစ်ဖောက် ဝင်ရောက်လာတာလို့ သိရပါတယ်။
မနက်အစောပိုင်းမှာ ရွှေကူတဲစုရွာအတွင်းကို အလစ်အငိုက် ဝင်လာတာလို့ ဒေသခံက ပြောပါတယ်။
“သူတို့က မနက် ၄ နာရီဝန်းကျင်လောက် ဝင်လာတာ။ မနက်အစောပိုင်းဖြစ်နေတော့ ကင်းသမား (ကျေးရွာ ကာကွယ်ရေးအဖွဲ့) တွေလည်း ရုတ်တရက် အငိုက်မိသွားတယ်။ အင်အားလည်း များတယ်။ အခု ရွာကို မီးရှို့နေတာကို ကျွန်မတို့ လှမ်းမြင်နေရတယ်၊ ရွာက အိမ်တွေ မီးတွေ လောင်နေတာ”လို့ ဒေသခံပြည်သူတစ်ဦးက Burma VJ ကို ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ ဝင်ရောက်မီးရှို့နေတဲ့ ရွှေကူတဲစုရွာအတွင်းက ဒေသခံအချို့ ဖမ်းဆီးခံရမှုနဲ့ ထိခိုက်သေဆုံးမှုအခြေအနေကိုတော့ မသိရသေးပါဘူး။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလအတွင်းကလည်း ခင်ဦးမြို့နယ် ကျေးရွာ (၇)ရွာက ဒေသခံပြည်သူနေအိမ်တွေကို လေးရက်ဆက် မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒေသခံပြည်သူ ထောင်နဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါသေးတယ်။
ခင်ဦးမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက မကြာခဏ စစ်ကြောင်းထိုး ဝင်ရောက်မှုတွေရှိနေပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူ စစ်ဘေးရှောင် နှစ်သိန်းဝန်းကျင်အထိ ရှိနေတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေကို ကူညီနေသူတစ်ဦးက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ လက်အောက်ခံ ပျူစောထီးအဖွဲ့တွေကြောင့် အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးမှုတွေကြောင့် စစ်ကိုင်းတိုင်းအတွင်း နေရပ်စွန့်ခွာ စစ်ဘေးရှောင် (၁၂၅၈၃၀၀)ကျော်ရှိနေတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ ကော်မရှင်နာမင်းကြီး (UNHCR) ရဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့အထိ ပြုစုထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။















Comments