ကိုယ်ပိုင်သံစဉ်သီချင်းတွေနဲ့ ဂီတလောကမှာ အောင်မြင်ခဲ့တဲ့ အဆိုတော် မာရဇ္ဇ ကွယ်လွန်
- BVJ

- Jan 24
- 1 min read
BVJ/ထက်အောင် _ ဇန်နဝါရီ ၂၄ ၊ ၂၀၂၅

ကိုယ်ပိုင်သံစဉ်တွေနဲ့ ဂီတလောကမှာ ထင်ရှားကျော်ကြားခဲ့တဲ့ အဆိုတော်၊ တေးရေးဆရာ မာရဇ္ဇ (ခေါ်) ကိုမာကြီး မနေ့က ဇန်နဝါရီ ၂၃ ညပိုင်းမှာ ရန်ကုန်မြို့ ဗဟိုစည်ဆေးရုံမှာ ကွယ်လွန်ခဲ့တယ်လို့ ဂီတအသိုင်းအဝိုင်းထံက သိရပါတယ်။
မာရဇ္ဇ ကွယ်လွန်ချိန်မှာ အသက် (၅၈)နှစ်အရွယ်ရှိပြီး ကျောက်ကပ်ရောဂါနဲ့ ကွယ်လွန်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ အဆိုတော် မာရဇ္ဇ ကွယ်လွန်တာနဲ့ပတ်သက်ပြီး ဂီတပညာရှင်တစ်ဦးဖြစ်တဲ့ ကိုနိုင်ဇော်၊ R ဇာနည်တို့အပါအဝင် ဂီတလောကသားတွေကလည်း ဝမ်းနည်းကြောင်း လူမှုကွန်ရက်မှာ ထုတ်ဖော်ရေးသားထားကြပါတယ်။
"သူက စိတ်ကောင်းနှလုံးကောင်းရှိပြီး သိမ်မွေ့နူးညံ့သူပါ" လို့ တေးစီးရီးများစွာတွေ စီစဉ်ခဲ့ပြီး ဒီဇိုင်းရေးဆွဲခဲ့သူ ဒီဇိုင်း (ကို)မျိုးဆွေသန်းကလည်း Burma VJ ကို ပြောပါတယ်။
အဆိုတော် မာရဇ္ဇဟာ ၁၉၉၃ ခုနှစ်မှာ ပုံရိပ်မဲ့ဂရပ်ဖစ် တေးစီးရီးနဲ့ ပထမဆုံး ဂီတလောကထဲ ဝင်ရောက်လာတာဖြစ်ပြီး လူငယ်တွေကြား အောင်မြင်ကျော်ကြားခဲ့တဲ့ သီချင်းတွေထဲက ဆွဲအား၊ ဆင်မြီးကွင်းလက်စွပ်လေး၊ ရွှေရောင်ကောင်းကင်၊ မျှော်လင့်ခြင်းလမင်း၊ ရွှေရတီစတဲ့ သီချင်းတွေကလည်း ဒီနေ့အချိန်အထိ ပျံ့နှံ့နေဆဲသီချင်းတွေဖြစ်ပါတယ်။
အဆိုတော် မာရဇ္ဇဟာ မကွေးတိုင်း အထက်မင်းလှ ဇာတိဖြစ်ပြီး ၁၉၆၇ ခုနှစ်မှာ မွေးဖွားခဲ့တာလည်း ဖြစ်ပါတယ်။ ဂီတသက်တမ်းနှစ်ပေါင်း ၃၀ ကျော် ဖြတ်သန်းခဲ့ပြီး တေးစီးရီးပေါင်းများစွာ ထွက်ရှိခဲ့သလို ၂၀၁၄ ခုနှစ်ကလည်း One Man Show ဂီတဖျော်ဖြေပွဲကို ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံမှာ ပြုလုပ်ခဲ့ပါသေးတယ်။
မာရဇ္ဇ ကွယ်လွန်ခဲ့မှုအပေါ် “တစ်ခရီးထဲသွားခဲ့ကြပြီး အလုပ်တွေများစွာအတူလုပ်ခဲ့ကြတဲ့ ချစ်ခင်ရတဲ့ မာရဇ္ဇ(မာကြီး) ကွယ်လွန်သွားတဲ့အတွက် မိသားစုနဲ့ထပ်တူ ဝမ်းနည်းရပြီး အလွန်စိုက်ထိခိုက်ရပါတယ်”လို့ ဒီဇိုင်း (ကို)မျိုးဆွေသန်းက သူ့ရဲ့ လူမှုကွန်ရက် Facebook မှာ ရေးသားထားပါတယ်။







Comments