ကျားဖြန့်အရေးအတွက် တရုတ်ပြည်သူ့လုံခြုံရေးဌာန လက်ထောက်ဝန်ကြီး မြဝတီ ရောက်နေ
- BVJ

- Feb 17
- 1 min read
BVJ/အိုင်းရစ် _ ဖေဖော်ဝါရီ ၁၇ ၊ ၂၀၂၅

ထိုင်း - မြန်မာနယ်စပ်မှာရှိတဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) ဂိုဏ်းတွေကို နှိမ်နင်းဖို့အတွက် တရုတ်အစိုးရက ဖိအားပေးမှုလုပ်ဆောင်နေမှုတွေနဲ့အတူ တရုတ်ပြည်သူ့လုံခြုံရေးဌာန လက်ထောက်ဝန်ကြီး Liu Zhongyi နဲ့ တာဝန်ရှိသူတွေ ကရင်ပြည်နယ် မြဝတီမြို့နယ်ကို ဒီနေ့ ဖေဖော်ဝါရီ ၁၇ ရက် မနက်ပိုင်းမှာ ရောက်ရှိနေတယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။
မြဝတီမြို့နယ်အတွင်းမှာရှိတဲ့ ကျားဖြန့်နှိမ်နင်းရေး၊ လူကုန်ကူးခံရသူတွေ လွှဲပြောင်းရေးနဲ့ပတ်သက်ပြီး ကရင်နယ်ခြားစောင့်တပ် (BGF) ဒုဗိုလ်မှူးကြီး စောတင်ဝင်း၊ စစ်ကောင်စီဘက်က ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော်တို့အပါအဝင် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေး ထိပ်ပိုင်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံနေတယ်လို့လည်း The Reporters သတင်းဌာနက ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက မြဝတီမြို့နယ် ရွှေကုက္ကိုနဲ့ KK Park တို့မှာရှိတဲ့ ကျားဖြန့်ဂိုဏ်းတွေကို BGF တပ်ဖွဲ့ကဝင်စစ်ဆေးခဲ့ပြီးနောက် ကျားဖြန့်လုပ်သား (၁၀၃၀) ဦးကို ပြန်လွှတ်ပေးဖို့အတွက် လက်ရှိမှာ ထိန်းသိမ်းထားပါတယ်။
BGF က ရှာဖွေထိန်းသိမ်းထားသူတွေထဲကအများစုဟာ အသက် ၂၅ နှစ်နဲ့ ၄၀ နှစ်ကြားဖြစ်ပြီး တရုတ်နိုင်ငံသားနဲ့ မလေးရှား၊ ပါကစ္စတန်၊ အိန္ဒိယ၊ ကင်ညာ၊ ရဝမ်ဒါနိုင်ငံသားတွေပါဝင်တယ်လို့ သိရပါတယ်။
တရုတ်ပြည်သူ့လုံခြုံရေးဌာန လက်ထောက်ဝန်ကြီး Liu Zhongyi ဟာ ဒီနေ့မနက်ပိုင်းမှာ ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ်ကနေ မဲဆောက်ကို ရောက်ရှိလာတာဖြစ်ပြီး မဲဆောက်ကနေတဆင့် ထိုင်း-မြန်မာ အမှတ် ၁ ချစ်ကြည်ရေးတံတားကနေ မြန်မာနိုင်ငံမြဝတီမြို့ကို သွားရောက်ခဲ့တာပါ။
စစ်ကောင်စီနဲ့ လက်အောက်ခံ BGF ထိပ်ပိုင်းတာဝန်ရှိသူတွေက ကျားဖြန့်ဂိုဏ်းတွေကနေ ရှာဖွေထိန်းသိမ်းထားတဲ့ ကျားဖြန့်လုပ်သားတွေထားရှိရာနေရာကို တရုတ်အစိုးရ တာဝန်ရှိသူတွေကို ခေါ်ဆောင်သွားကာ ထိန်းသိမ်းထားရှိမှုအခြေအနေကို ပြသခဲ့ပြီး သက်ဆိုင်ရာနိုင်ငံတွေကို ပြန်လည်လွှဲပြောင်းပေးမယ့် အစီအစဉ်တွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ကျားဖြန့်လုပ်သားတွေကို ပြန်လည်လွှဲပြောင်းရေးအစီအစဉ်နဲ့ပတ်သက်ပြီး တစ်နေ့ကို လူ (၅၀၀)နှုန်းနဲ့ ထိုင်းနိုင်ငံဘက်က လက်ခံပေးသွားမှာဖြစ်တယ်လို့ ဒေသ ၃ လူဝင်မှုကြီးကြပ်ရေးဌာန ဒုတိယညွှန်ကြားရေးမှူး ရဲမှူးကြီး Ploen Klinphayom ကလည်း ပြောပါတယ်။
ထိုင်းအာဏာပိုင်တွေက လက်ခံရရှိတဲ့ ကျားဖြန့်လုပ်သားတွေရဲ့ ကိုယ်ရေးအချက်အလက်အားလုံးကို မှတ်တမ်းရယူသွားမှာဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံ သံရုံးတွေနဲ့ ချိတ်ဆက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
တရုတ်ပြည်သူ့လုံခြုံရေးဌာန လက်ထောက်ဝန်ကြီးဟာ ထိုင်းနိုင်ငံကို မလာခင်က အခုလ ၁၄ ရက်ကပဲ နေပြည်တော်ကို သွားခဲ့ပြီး စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ တွေ့ဆုံခဲ့ပါသေးတယ်။ အဲ့ဒီတွေ့ဆုံမှုအတွင်း နယ်စပ်ဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေး၊ ကျားဖြန့်နှိမ်နင်းရေးကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါသေးတယ်။
Photo: The Reporters



















Comments