ကျားဖြန့်လုပ်သား ၅၀၀ ခန့်ကို BGF က ထိုင်းဘက်လွှဲပေးမယ်
- BVJ

- Feb 14, 2025
- 1 min read
BVJ/ထက်အောင် _ ဖေဖော်ဝါရီ ၁၄ ၊ ၂၀၂၅

မြန်မာနိုင်ငံ မြဝတီမြို့နယ်မှာရှိတဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) ဂိုဏ်းမှာ အဓမ္မခိုင်းစေခံနေရသူတွေထဲက (၅၀၀) ဝန်းကျင်ကို မနက်ဖြန် ဖေဖော်ဝါရီ ၁၅ ရက်မှာ ထိုင်းဘက် လွှဲပြောင်းပေးဖို့ ကရင်နယ်ခြားစောင့်တပ် (BGF) က ထိုင်းအစိုးရကို အကြောင်းကြားစာပေးပို့ထားကြောင်း The Nation သတင်းဌာနက ဖော်ပြထားပါတယ်။
BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူက ထိုင်းအစိုးရ ကာကွယ်ရေးဝန်ကြီး ဖွန်သမ်ဝီချရာချိုင်းနဲ့ တာ့ခ်ခရိုင် အခြေစိုက် ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး Natthakorn Reuntip တို့ထံ လူကုန်ကူးခံရသူတွေကို ပြန်လည်လွှဲပြောင်းပေးရေးနဲ့ပတ်သက်ပြီး စာပေးပို့ အကြောင်းကြားထားတယ်လို့လည်း သိရပါတယ်။
ထိုင်းအစိုးရအဖွဲ့ထံ ပေးပို့ထားတဲ့အကြောင်းကြားစာမှာ တရားမဝင် စီးပွားရေးလုပ်ငန်းတွေမှာ လူကုန်ကူးခံရသူတွေနဲ့ ဖမ်းဆီးခံထားရသူကို ရှာဖွေပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ကာ နစ်နာသူတွေကို ထိုင်းအစိုးရကနေတဆင့် သက်ဆိုင်ရာနိုင်ငံကို လွှဲပြောင်းပေးမယ်လို့ ဖော်ပြထားပါတယ်။
ဒေါ်လာ ၁၅ ဘီလျံတန်ဖိုး ရင်းနှီးမြှုပ်နှံထားတဲ့ ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းတွေမှာ BGF ခေါင်းဆောင် စောချစ်သူလည်း ပါဝင်ထားပြီး အဲဒီနေရာမှာ တရားမဝင် လောင်းကစားလုပ်ငန်း၊ လူကုန်ကူးမှု၊ အွန်လိုင်းငွေကြေးလိမ်လည်မှု စတဲ့ ရာဇဝတ်ဂိုဏ်းတွေ နေရာယူများပြားလာသလို နာမည်ဆိုးနဲ့ ဒေသတွင်းမှာ ထင်ရှားလာတာလည်း ဖြစ်ပါတယ်။
မနက်ဖြန် ဖေဖော်ဝါရီ ၁၅ ရက် (စနေနေ့)မှာ အရေအတွက်အများအပြား ပါဝင်တဲ့ လူကုန်ကူးခံရသူတွေကို ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားကနေတဆင့် ထိုင်းဘက်ကို လွှဲပြောင်းပေးမယ်လို့ BGF ခေါင်းဆောင်က ပြောထားပြီး ထိုင်းအစိုးရရဲ့ ကျားဖြန့်နှိမ်နင်းရေးမှာ ပူးပေါင်းပါဝင်သွားမယ်လို့ ဆိုပါတယ်။
ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းမှာရှိတဲ့ တရုတ်စီးပွားရေးလုပ်ငန်းတွေမှာ လူကုန်ကူးခံရသူတွေနဲ့ ကျားဖြန့်လုပ်သားတွေကို ဒီနေ့ ဖေဖော်ဝါရီ ၁၄ ရက်မှာလည်း BGF က ရှာဖွေစစ်ဆေးမှုတွေ လုပ်ဆောင်နေပြီး နစ်နာသူတွေကို သက်ဆိုင်ရာနိုင်ငံတွေကို ထိုင်းနိုင်ငံနေတဆင့် လွှဲပြောင်းပေးဖို့ ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ကျားဖြန့်လုပ်သား နိုင်ငံခြားသား ၅၀၀ ဝန်းကျင်ကို BGF က မြန်မာနယ်စပ်တစ်နေရာမှာ ထိန်းသိမ်းထားတယ်လို့ The Nation သတင်းဌာနကလည်း မြေပြင်သတင်းရင်းမြစ်ကို ကိုးကားပြီး ဖော်ပြထားပါတယ်။
တရုတ်အစိုးရရဲ့ ဖိအားပေးမှုတွေနဲ့အတူ ထိုင်းအာဏာပိုင်တွေက ကျားဖြန့်နှိမ်နင်းရေးကို ဖေဖော်ဝါရီ လဆန်းပိုင်းကတည်းက စတင်အကောင်အထည်ဖော်ခဲ့ပြီး ကျားဖြန့်ဂိုဏ်းတွေရှိရာ မြဝတီမြို့နယ်၊ တာချီလိတ်မြို့နယ်နဲ့ ဘုရားသုံးဆူဒေသတို့က နေရာ ၅ ခုကို လျှပ်စစ်၊ လောင်စာဆီနဲ့ အင်တာနက်ဆက်သွယ်ရေးတွေ ဖြတ်တောက်မှု လုပ်ဆောင်ခဲ့ပါတယ်။












Comments