ကျားဖြန့်လုပ်ငန်းမှာပါဝင်ပတ်သက်မှုမရှိဘဲ မြေနေရာငှားရမ်းခပဲ ရယူထားတာဖြစ်တယ်လို့ BGF ခေါင်းဆောင် စောချစ်သူ ပြော
- BVJ

- Feb 19
- 1 min read
BVJ/Moore _ ဖေဖော်ဝါရီ ၁၈ ၊ ၂၀၂၅

ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်း ရွှေကုက္ကိုနဲ့ KK Park မှာရှိတဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) ဂိုဏ်းတွေမှာ ပါဝင်ပတ်သက်မှုမရှိသလို အကျိုးအမြတ်ရယူတာမျိုးလည်း မရှိဘူးလို့ ကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူက မနေ့ ဖေဖော်ဝါရီ ၁၇ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
သတင်းစာရှင်းလင်းပွဲကို မြဝတီမြို့နယ် BGF ကွပ်ကဲမှုဌာနရုံးမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဗိုလ်မှူးကြီး စောချစ်သူနဲ့အတူ BGF ထိပ်ပိုင်းတာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့တာဖြစ်ပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်မှူးကြီး စောချစ်သူက သူ့အနေနဲ့ ဒေသတွင်း လာရောက်ရင်းနှီးမြှုပ်နှံတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဆီကနေ မြေနေရာငှားရမ်းခပဲ လက်ခံရယူထားတာဖြစ်တယ်လို့ မီဒီယာတွေရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားထားပါတယ်။
၂၀၁၈ ခုနှစ်ကတည်းက ဒေသဖွံ့ဖြိုးရေးစီမံကိန်းအဖြစ် ရထိုက်စီးပွားရေးလုပ်ငန်းက ဖော်ဆောင်ခဲ့တာဖြစ်ပေမဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီမံကိန်းလုပ်ငန်း မြေနေရာတွေကို စီးပွားရေးလုပ်ငန်းတွေရှင်ဆီ ငှားရမ်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒေသတွင်း လာရောက်ရင်းနှီးမြှုပ်နှံတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဆီကနေ မြေနေရာငှားရမ်းခအဖြစ် တစ်ဧကကို ဘတ် ၅၀၀၀၀ မှ ၁၀၀၀၀၀ အထိသာ လက်ခံရယူထားဖြစ်တယ်လို့လည်း ဗိုလ်မှူးကြီး စောချစ်သူက ပြောပါတယ်။
BGF ထိန်းချုပ်နယ်မြေထဲမှာရှိတဲ့ ကျားဖြန့်ဂိုဏ်းတွေကို အခု ဖေဖော်ဝါရီလမကုန်ခင်မှာ အမြစ်ပြတ်ရှင်းလင်းသွားမယ်လို့ BGF ခေါင်းဆောင် စောချစ်သူက ကတိပြုပြောထားပြီး တရားမဝင် စီးပွားရေးလုပ်ကိုင်နေသူတွေကိုလည်း ဒီလမကုန်ခင် ဒေသတွင်းကနေ ထွက်ခွာသွားဖို့ သတိပေး ပြောဆိုထားကြောင်း သတင်းစာရှင်းလင်းပွဲမှာ မီဒီယာများကို ပြန်လည်ဖြေကြားထားပါတယ်။
မြဝတီ၊ ရွှေကုက္ကိုနဲ့ KK Park မှာရှိတဲ့ ငွေလိမ်ဂိုဏ်းတွေကို ရှာဖွေဖမ်းဆီးပြီး နေပြည်တော်က တာဝန်ရှိသူတွေ (စစ်ကောင်စီ) နဲ့အတူ ပူးပေါင်းကာ ၎င်းတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေ ရယူမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ မှတ်တမ်းရယူပြီးပါက ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံခြားသားတွေကို နေပြည်တော်က တာဝန်ရှိသူတွေက သက်ဆိုင်ရာနိုင်ငံတွေဆီ ပြန်လည်လွှဲပြောင်းသွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။







Comments