ကျားဖြန့်လုပ်ငန်းနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က စွပ်စွဲပြောဆိုမှု ထိုင်းအစိုးရ ကန့်ကွက်
- BVJ

- Jan 24
- 1 min read
BVJ/Moore _ ဇန်နဝါရီ ၂၄ ၊ ၂၀၂၅

မြန်မာနိုင်ငံ မြဝတီမြို့နယ်မှာ အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်း ကြီးထွားလာမှုဟာ ထိုင်းနိုင်ငံဘက်ကရနေတဲ့ အခြေခံလိုအပ်ချက် အထောက်အပံ့တွေကြောင့်လို့ စစ်ကောင်စီရဲ့ စွပ်စွဲပြောကြားချက်ကို ထိုင်းအစိုးရဘက်က ကန့်ကွက်ခဲ့ပါတယ်။
ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး Mr Phumtham Wechayachai က စစ်ကောင်စီရဲ့ စွပ်စွဲပြောဆိုမှုကို တုံ့ပြန်ခဲ့တာဖြစ်ပြီး ကျားဖြန့်ဂိုဏ်းတွေ ကြီးထွားလာမှုပြဿနာဟာ ရှုပ်ထွေးပြီး အဖွဲ့အစည်းပေါင်းစုံ ပါဝင်ပတ်သက်မှုရှိနေတယ်လို့ ဆိုပါတယ်။ ကျားဖြန့်ဂိုဏ်းတွေ နယ်စပ်ဖြတ်ကျော် လုပ်ကိုင်နေတာဟာ ထိုင်းနိုင်ငံရဲ့ ပြဿနာတစ်ခုတည်း မဟုတ်ဘူးလို့ Mr Phumtham က ပြောပါတယ်။
အွန်လိုင်းငွေကြေးလိမ်လည်ဂိုဏ်းတွေရဲ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ လျှပ်စစ်မီး၊ အင်တာနက်နဲ့ တရားမဝင် လက်နက်တွေရရှိနေမှုဟာ တစ်ဖက်နိုင်ငံ (ထိုင်းနိုင်ငံကို ဆိုလို) ကနေ ရယူသုံးစွဲနေတာဖြစ်ပြီး လျှပ်စစ်ဓာတ်အားနဲ့ အင်တာနက်လိုင်း အဆက်အသွယ်ဟာ မြန်မာနိုင်ငံကနေ ရရှိနေတာမဟုတ်ဘူးလို့ စစ်ကောင်စီက အခုလ ဇန်နဝါရီ ၂၀ ရက်မှာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှသာ အွန်လိုင်းလိမ်လည်မှုလုပ်ငန်း ပပျောက်ရေးကို လုပ်ဆောင်နိုင်မှာဖြစ်တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။
နယ်စပ်တစ်လျှောက်မှာရှိတဲ့ ကျားဖြန့်ဂိုဏ်းတွေကို အမြစ်ပြတ်နှိမ်နင်းဖို့အတွက် စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ထိုင်းအစိုးရက ကတိကဝတ်ပြုထားပေမဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက ထိုင်းစစ်တပ်နဲ့ စစ်ကောင်စီတို့ တွေ့ဆုံမှုမှာ ဒီအကြောင်းအရာကို မဆွေးနွေးခဲ့ဘူးလို့ Mr Phumtham က ပြောပါတယ်။
ထိုင်းဘုရင့်ကြည်းတပ် ဦးစီးချုပ်ရုံးအကြံပေးဘုတ်အဖွဲ့ဥက္ကဌနဲ့ တာဝန်ရှိသူတွေက အခုလ ဇန်နဝါရီ ၂၁ ရက်မှာ စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့တာရှိပါတယ်။
ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Thanathip Sawangsang ကလည်း နယ်စပ်တစ်လျှောက်မှာ ဖြစ်ပွားနေတဲ့ တရားမဝင်ကိစ္စရပ်တွေကို အမြဲစောင့်ကြည့်နေပြီး ထိုင်းအစိုးရအနေနဲ့ မြန်မာနိုင်ငံတွင်း နယ်စပ်တစ်လျှောက်မှာ ဖြစ်ပွားနေတဲ့ ရာဇဝတ်ဂိုဏ်းတွေ နှိမ်နင်းရာမှာ ကူညီပေးဖို့ အမြဲအသင့်ရှိနေတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံတွင်းက အဖွဲ့အစည်းတွေကို လျှပ်စစ်ရောင်းချနေမှုနဲ့ပတ်သက်ပြီး ထိုင်းအမျိုးသားလုံခြုံရေးကို မထိခိုက်ဖို့ ဝန်ကြီးဌာနအနေနဲ့ တာဝန်ယူလုပ်ဆောင်သင့်တယ်လို့ People’s Party လွှတ်တော်ကိုယ်စားလှယ် Rangsiman Rome ကလည်း ပြောပါတယ်။
မြန်မာနယ်စပ်တစ်လျှောက်မှာရှိတဲ့ ကျားဖြန့်ဂိုဏ်းတွေကို ဒေသတွင်းနိုင်ငံတွေနဲ့ ပူးပေါင်းပြီး ဇင်ယော် စစ်ဆင်ရေးဖော်ဆောင်ကာ အခုနှစ်အတွင်းမှာ နှိမ်နင်းမှုတွေ လုပ်ဆောင်သွားမယ်လို့ တရုတ်အစိုးရက ထုတ်ပြန်ထားသလို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ ညွှန်ကြားရေး မှူးချုပ် Liu Jinsong ကလည်း မနေ့က ဇန်နဝါရီ ၂၃ ရက်မှာ မြန်မာနဲ့ ထိုင်းသံအမတ်ကြီးတွေကို ခေါ်ယူတွေ့ဆုံခဲ့ပြီး အွန်လိုင်းငွေကြေးလိမ်လည်မှုဂိုဏ်းတွေကို နှိမ်နင်းဖို့ သတိပေးပြောကြားခဲ့ပါတယ်။
Ref: Bangkok Post







Comments