ကျားဖြန့်ပြဿနာဖြေရှင်းဖို့ BGF ၊ DKBA နဲ့ တရုတ်စီးပွားရေးသမားတွေ တွေ့ဆုံ
- BVJ

- Jan 15
- 1 min read
BVJ/ထက်အောင် _ ဇန်နဝါရီ ၁၅ ၊ ၂၀၂၅

ကရင်ပြည်နယ် မြဝတီမြို့နယ်မှာ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ခေါင်းဆောင် ဗိုလ်မှူးကြီး စောဆန်းအောင်နဲ့ ဒေသတွင်းမှာရှိတဲ့ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေ ဒီနေ့ ဇန်နဝါရီ ၁၅ ရက်မှာ အရေးပေါ်တွေ့ဆုံမှု လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ကျားဖြန့်အရေးကိစ္စနဲ့ပတ်သက်ပြီး ကရင်နယ်ခြားစောင့်တပ်ခေါင်းဆောင်တွေနဲ့ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေ တွေ့ဆုံမှုလုပ်ဆောင်ခဲ့တယ်လို့ ထိုင်းစစ်တပ် Rajamanu Task Force ကလည်း ထုတ်ပြန်ထားကြောင်း ထိုင်းသတင်းဌာန Khaosod ကလည်း ဖော်ပြထားပါတယ်။
တွေ့ဆုံမှုအတွင်း နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတိုက်ဖျက်ရေး၊ ငွေကြေးလိမ်လည်မှုနဲ့ လူကုန်ကူးမှုအခြေအနေတွေကို အဓိကထားဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။ မြဝတီမြို့နယ်အတွင်း လည်ပတ်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ မဖြစ်မနေ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကိုလည်း ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
ဒေသတွင်း စီးပွားရေးသမားတွေအပါအဝင် တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ လူကုန်ကူးမှုနဲ့ အွန်လိုင်းငွေကြေးလိမ်လည်တဲ့အဖွဲ့တွေနဲ့ ပတ်သက်ဆက်နွယ်မှုအခြေအနေကို အနီးကပ်စောင့်ကြည့်သွားမယ်လို့ ပြောဆိုခဲ့ပြီး လူမဆန်စွာ အကြမ်းဖက်ခိုင်းစေနှိပ်စက်တာ၊ ရုပ်ပိုင်းဆိုင်ရာ အနိုင်ကျင့်တာ၊ အသက် ၁၈ နှစ်အောက် ကလေးလုပ်သားခိုင်းစေတာ၊ လူကုန်ကူးမှုကနေ ငွေကြေးရယူတာ၊ အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းတွေ လုပ်ကိုင်တာကို ပြင်းပြင်းထန်ထန် တားမြစ်သွားမယ်လို့ ဆိုပါတယ်။
တားမြစ်ထားတဲ့အချက်အလက်တွေကို ဖောက်ဖျက်ခဲ့ပါက ဒေသတွင်းကနေ နှင်ထုတ်တာကို လုပ်ဆောင်မယ့်အပြင် စီးပွားရေးလုပ်ငန်း ပိတ်သိမ်းအရေးယူတဲ့အထိ လုပ်ဆောင်သွားမယ်လို့ သတိပေးခဲ့ကြောင်းလည်း သိရပါတယ်။
Ref: Khaosod English, AEC News















Comments