ကျားဖြန့်နဲ့ လူကုန်ကူးပြဿနာကြောင့် ထိုင်းစစ်တပ် နယ်စပ်တစ်လျှောက် လုံခြုံရေးတိုးမြှင့်
- BVJ

- Jan 17
- 1 min read
BVJ/ထက်အောင် _ ဇန်နဝါရီ ၁၆ ၊ ၂၀၂၅

လူကုန်ကူးမှုနဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) ပြဿနာတွေ ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေချိန် ထိုင်းဘုရင့်တပ်မတော် အထူးတပ်ဖွဲ့ ဦးဆောင်ပြီး ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် နေရာ ၅ ခုမှာ လုံခြုံရေးတိုးမြှင့်လုပ်ဆောင်နေပါတယ်။
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်းမှာရှိတဲ့ မဲဆောက်၊ ထာဆောင်ယန်၊ ဖုတ်ဖရ၊ အုန်းဖျန်နဲ့ မယ့်ရမတ်နေရာတွေကို ဒီနေ့ ဇန်နဝါရီ ၁၆ ရက်ကစပြီး ထိုင်းဘုရင့်တပ်မတော် အထူးတပ်ဖွဲ့နဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက လုံခြုံရေးကင်းလှည့် စစ်ဆေးမှုတွေ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။
နယ်စပ်တစ်လျှောက် တရားမဝင် ဝင်ရောက်မှု၊ လူကုန်ကူးမှု၊ တရားမဝင် ရွှေ့ပြောင်းလုပ်သား ဝင်ရောက်မှု၊ မူးယစ်ဆေးဝါး သယ်ဆောင်မှုနဲ့ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုကိစ္စရပ်တွေကို တားဆီးနိုင်ဖို့အတွက် ထိုင်းစစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ ဒေသဆိုင်ရာအာဏာပိုင်တွေက ပူးပေါင်းပြီးလုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။
အခု ဇန်နဝါရီလအတွင်း ဖြစ်ပွားခဲ့တဲ့ တရုတ်မင်းသား ဝမ်ရှင်းဖြစ်ရပ်အပါအဝင် ထိုင်းနိုင်ငံတွင်း အလည်အပတ်ရောက်ရှိလာတဲ့ တရုတ်ခရီးသည်တွေကို ပစ်မှတ်ထား လူကုန်ကူးမှုဖြစ်စဉ်တွေအပြီး နိုင်ငံတကာက အာရုံစိုက်လာချိန် ထိုင်းအစိုးရ အာဏာပိုင်တွေကို လက်ရှိဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် ကြိုးစားနေတာလည်း ဖြစ်ပါတယ်။
မနေ့ ဇန်နဝါရီ ၁၅ ရက်ကလည်း ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်အတွင်းမှာရှိတဲ့ ကရင်နယ်ခြားစောင့်တပ် BGF နဲ့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) တို့က ဒေသတွင်းမှာရှိတဲ့ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အရေးပေါ်တွေ့ဆုံခဲ့ပြီး ဒေသတွင်း လူကုန်ကူးမှုနဲ့ ကျားဖြန့်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်မှုမရှိဖို့နဲ့ အဓမ္မခိုင်းစေမှု၊ ညှင်းပန်းနှိပ်စက်မှု၊ ၁၈ နှစ်အောက် ကလေးလုပ်သား ခိုင်းစေမှုတို့ကို အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
Ref: Siamrath













Comments