ကျားဖြန့်နဲ့ ရာဇဝတ်မှုတွေကို နိုင်ငံတကာနဲ့ပူးပေါင်းနှိမ်နင်းမယ်လို့ BGF နဲ့ DKBA က ပြောလာ
- BVJ

- Feb 10
- 1 min read
BVJ/မိုနာ_ ဖေဖော်ဝါရီ ၆၊ ၂၀၂၅

မြန်မာ-ထိုင်းနယ်စပ်က အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)တွေတိုက်ဖျက်ရေးကို ကရင်နယ်ခြားစောင့်တပ်-BGFနဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်-DKBAတို့ကလည်း ပူးပေါင်းတိုက်ဖျက်သွားမယ်လို့ ထုတ်ပြန်လာပါတယ်။
ကျားဖြန့်လုပ်ငန်းတွေနဲ့ပတ်သက်ပြီး တိုက်ဖျက်ရေးအတွက် တရုတ်နဲ့ထိုင်းကကြိုးပမ်းလာချိန်မှာ BGF DKBAကလည်း နိုင်ငံတကာနဲ့ပူးပေါင်းတိုက်ဖျက်မယ်လို့ ဆိုလာတာပါ။
BGFရဲ့ ဒီနေ့ ဖေဖော်ဝါရီ ၆ရက်နေ့စွဲနဲ့ထုတ်ပြန်ချက်ထဲမှာ ကရင်ပြည်နယ်၊ နယ်စပ်ဒေသတွေမှာ ဆောင်ရွက်ခဲ့တဲ့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေဟာ ဒေသဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရဲ့ခွင့်ပြုချက်နဲ့ဆောင်ရွက်ခဲ့တဲ့ အိမ်ရာ၊ ဟိုတယ်နဲ့အပန်းဖြေရိပ်သာ စီမံကိန်းများသာဖြစ်ပြီး BGF အနေနဲ့ ပါဝင်ရင်းနှီးမြှုပ်နှံထားခြင်းမရှိဘဲ မြေငှားရမ်းတဲ့မြေရှင်သာဖြစ်ကြောင်းနဲ့ အဲ့ဒီအိမ်ရာစီမံကိန်းတွေမှာ ရင်းနှီးမြှုပ်နှံသူတွေဆီကနေ ထပ်ဆင့်ငှားရမ်းတဲ့ လုပ်ငန်းရှင်အချို့က လိမ်လည်လှည့်ဖျားခြင်း၊ လူကုန်ကူးခြင်းတို့ကိုလုပ်ကိုင်ကြတဲ့အတွက် BGF အနေနဲ့ အစိုးရ၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းတိုက်ဖျက်နှိမ်နှင်းလျက်ရှိတယ်လို့ ဖော်ပြပါတယ်။

လူကုန်ကူးခံရတဲ့ဖြစ်စဉ်တွေကို အစိုးရ၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဖော်ထုတ်ခဲ့တာမှာ ၂၀၂၃ ခုနှစ်ကနေ ဒီနေ့အထိ လူကုန်ကူးခံရသူပေါင်း နှစ်ထောင်ကျော်ကို သက်ဆိုင်ရာနိုင်ငံတွေဆီကို ပြန်ပို့ဖို့ကူညီဆောင်ရွက်ပေးပြီးဖြစ်ကြောင်းနဲ့ ဆက်လက်ပြီးလည်း ပူးပေါင်းတိုက်ဖျက်သွားမယ်လို့ ဆိုပါတယ်။
အလားတူပဲ DKBAကလည်း လက်ရှိနိုင်ငံတကာကတိုက်ဖျက်လျက်ရှိတဲ့ လူကုန်ကူးခြင်း၊ လူလူချင်းညှင်းပန်းနှိပ်စက်ခြင်းတွေကို နိုင်ငံတကာနဲ့အတူပူးပေါင်း တိုက်ဖျက်မယ်လို့ DKBA ဗဟိုအလုပ်အမှုဆောင်ကော်မတီ-CECက မနေ့က ဖေဖော်ဝါရီ ၅ရက်မှာ ကြေညာပါတယ်။
DKBAထိန်းချုပ်နယ်မြေအတွင်းမှာ လူကုန်ကူးခံရသူတွေကိုမြန်မာနိုင်ငံသံရုံးနဲ့ နိုင်ငံတကာသရုံးတွေက တောင်းခံလာပါက ရှာဖွေပေးအပ်သွားမှာဖြစ်သလို မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီးလည်း တားဆီးနှိမ်နင်းသွားမယ်လို့ဆိုပါတယ်။

ကျားဖြန့်လုပ်ငန်းတွေအများစုတည်ရှိတယ်လို့ယူဆတဲ့ ထိုင်း-မြန်မာနယ်စပ်က မြဝတီ၊ ဘုရားသုံးဆူ၊ တာချီလိတ် အပါအဝင် ဒေသငါးခုကို ထိုင်းနိုင်ငံဘက်ခြမ်းက လျှပ်စစ်၊ အင်တာနက်နဲ့စက်သုံးဆီ (လောင်စာဆီ)တွေကို ထိုင်းဘက်က မနေ့ကဖေဖော်ဝါရီ ၅ရက် မနက်ပိုင်းမှာဖြတ်တောက်ခဲ့ပါတယ်။
ထိုင်းနိုင်ငံကိုလာတဲ့ တရုတ်သရုပ်ဆောင်တစ်ဦး ဇန်နဝါရီလအတွင်းက မြန်မာဘက်ခြမ်းမှာလူကုန်ကူးခံရပြီး အွန်လိုင်းလိမ်လည်မှုတွေအတွက် သင်တန်းပေးခံရပြီးနောက်ပိုင်းမှာ ကျားဖြန့်လုပ်ငန်းတွေကိုနှိမ်နင်းဖို့ တရုတ်နဲ့ထိုင်းအပါအဝင် နိုင်ငံတကာကအာရုံစိုက်လာကြတာဖြစ်သလို မြန်မာ-ထိုင်းနယ်စပ်တလျောက်ကိုလည်း ထိုင်းဘက်က လုံခြုံရေးတိုးမြင့်ထားပါတယ်။







Comments