top of page

ကျားဖြန့်နှိမ်နင်းရေးစီမံချက်အတွင်း နိုင်ငံခြားသား ၅၃၀၀ ကျော် မြဝတီမြို့ကနေ ပြန်လွတ်လာ

  • Writer: BVJ
    BVJ
  • Mar 23
  • 1 min read

ကျားဖြန့်လုပ်သား တစ်သိန်းကျော်အထိ ရှိနေသေးတယ်လို့ ထိုင်းရဲချုပ် ပြော


BVJ/အိုင်းရစ် _ မတ် ၂၁ ၊ ၂၀၂၅


Photo: Aung Aung
Photo: Aung Aung

ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းက အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) နှိမ်နင်းရေးစီမံချက် ကာလအတွင်း နိုင်ငံခြားသားစုစုပေါင်း ၅၃၂၂ ဦးအထိ ပြန်လည်လွတ်မြောက်ခဲ့ပြီဖြစ်ကြောင်း Burma VJ က ဒီနေ့ မတ်လ ၂၁ ရက်နေ့အထိ ပြုစုထားတဲ့စာရင်းတွေအရ သိရပါတယ်။


မြဝတီမြို့နယ် ရွှေကုက္ကို၊ KK Park နဲ့ ကျောက်ခတ်တို့မှာရှိနေတဲ့ တရုတ်စီးပွားရေးလုပ်ငန်းတွေကို ကရင်နယ်ခြားစောင့်တပ် (BGF) နဲ့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) တို့က ကျားဖြန့်နှိမ်နင်းရေး စီမံချက်နဲ့ ဝင်ရောက်ရှာဖွေစစ်ဆေးချိန် နိုင်ငံခြားသား စုစုပေါင်း ၈၀၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။


ကျားဖြန့်ဂိုဏ်းတွေမှာရှိနေတဲ့ နိုင်ငံပေါင်း ၃၀ ကျော်က နိုင်ငံခြားသားတွေကို BGF နဲ့ DKBA တို့ ထိန်းသိမ်းရေးစခန်းတွေမှာ ထိန်းသိမ်းထားပြီး သက်ဆိုင်ရာနိုင်ငံတွေကို ထိုင်းနိုင်ငံကနေတဆင့် လွှဲပြောင်းပေးနေတာဖြစ်ပြီး လွှဲပြောင်းပေးထားပြီး နိုင်ငံခြားသား ၅၃၂၂ ဦးထဲမှာ တရုတ်နိုင်ငံသား ၃၇၀၀ ကျော်ပါဝင်နေတာလည်း ဖြစ်ပါတယ်။



ကျားဖြန့်နှိမ်နင်းရေးစီမံချက်အတွင်း BGF နဲ့ DKBA တို့ ထိန်းသိမ်းထားတဲ့ နိုင်ငံခြားသား ၈၀၀၀ ကျော်ရှိနေပေမဲ့ ကျားဖြန့်ဂိုဏ်းတွေထဲမှာ နိုင်ငံခြားသားပေါင်း တစ်သိန်းကျော်အထိ ရှိနေသေးတယ်လို့ ထိုင်းရဲတပ်ဖွဲ့ ရဲမှူးချုပ် Thatchai Pitaneelaboot ကလည်း ရိုက်တာသတင်းဌာနကို ပြောကြားထားပါတယ်။


ကျားဖြန့်ဂိုဏ်းတွေက နိုင်ငံခြားသား ၅၀၀၀ ကျော်ကို ကယ်ထုတ်နိုင်ခဲ့ပြီး ကျားဖြန့်နှိမ်နင်းရေး လုပ်ဆောင်နေပေမဲ့ လက်ရှိအချိန်အထိ မြဝတီမြို့နယ်အတွင်းမှာ ကျားဖြန့်ဂိုဏ်းတွေမှာ နိုင်ငံခြားသားပေါင်း တစ်သိန်းကျော်ဟာ ဆက်လက်အလုပ်လုပ်ကိုင်နေရဆဲဖြစ်တယ်လို့ ရဲချုပ်က ပြောပါတယ်။


ကျားဖြန့်နှိမ်နင်းရေးကို ရပ်တန့်ထားမှာမဟုတ်ဘဲ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ BGF နဲ့ DKBA က ပြောဆိုထားပေမဲ့ လက်ရှိထိန်းသိမ်းရေးစခန်းတွေမှာရှိနေတဲ့ နိုင်ငံခြားသားတွေကို သက်ဆိုင်ရာနိုင်ငံတွေက အမြန်ဆုံးခေါ်ယူနိုင်ဖို့ လိုအပ်တယ်လို့လည်း သတင်းမီဒီယာတွေနဲ့ တွေ့ဆုံချိန်မှာ ပြောဆိုထားပါသေးတယ်။


သက်ဆိုင်ရာနိုင်ငံတွေက ခေါ်ယူမှုနှောင့်နှေးနေတာကြောင့် နေရပ်မပြန်နိုင်သေးဘဲ ကြန့်ကြာနေတဲ့ နိုင်ငံခြားသားအများအပြား ထိန်းသိမ်းရေးစခန်းတွေမှာ စုပြုံနေတာကြောင့် အခက်အခဲတွေရှိနေပြီး ဆက်လက်လုပ်ဆောင်ရမယ့် ကျားဖြန့်နှိမ်နင်းရေးကို ယာယီရပ်တန့်ထားတာမျိုးတွေရှိနေတယ်လို့လည်း BGF နဲ့ DKBA ပြောရေးဆိုခွင့်ရှိသူတွေက သတင်းဌာနတွေကို ဖြေထားပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page