ကျားဖြန့်နှိမ်နင်းရေးကို ဟန်ပြလုပ်နေတာ မဟုတ်ဘူးလို့ ဗိုလ်မှူးကြီး စောချစ်သူ ပြော
- BVJ

- Feb 17
- 1 min read
BVJ/ထက်အောင် _ ဖေဖော်ဝါရီ ၁၇ ၊ ၂၀၂၅

ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကို၊ KK Park နဲ့ ကျောက်ခတ်တို့မှာရှိတဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) ဂိုဏ်းတွေကို နှိမ်နင်းတာမှာ ဟန်ပြလုပ်ဆောင်နေ မဟုတ်ဘူးလို့ ကရင်နယ်ခြားစောင့်တပ်ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူက ဒီနေ့ ဖေဖော်ဝါရီ ၁၇ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ရွှေကုက္ကိုနဲ့ KK Park မှာရှိတဲ့ တရုတ်စီးပွားရေးလုပ်ငန်းတွေထဲမှာ ကျားဖြန့်လုပ်ဆောင်နေမှုနဲ့ပတ်သက်ပြီး ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ပြီးနောက် လူကုန်ကူးခံရသူနဲ့ ကျားဖြန့်လုပ်သား ၁၀၃၀ ကို ထိန်းသိမ်းထားတယ်လို့လည်း ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
ကျားဖြန့်နှိမ်နင်းရေး ဆောင်ရွက်တာမှာ အပြောသက်သက် ဟန်ပြလုပ်ဆောင်နေတာ မဟုတ်သလို လက်ရှိ ဆောင်ရွက်နေတာတွေဟာ ပထမအဆင့်အနေနဲ့ လုပ်ဆောင်နေတာဖြစ်ပြီး နောက်ပိုင်းမှာ သတင်းမီဒီယာတွေနဲ့ပါ ပူးပေါင်းပြီး ကျားဖြန့်နှိမ်နင်းရေး လုပ်ဆောင်မှုအခြေအနေတွေကိုပါ ဖော်ပြပေးသွားမယ်လို့ ဆိုပါတယ်။
“အဲဒီကိစ္စကို ကျွန်တော် စဉ်းစားထားပြီးသား။ ကျွန်တော်တို့က အပြောနဲ့ သက်သေမပြဘူး။ အလုပ်နဲ့ သက်သေပြမယ်ဆိုတာ ကျွန်တော် ပြောထားပြီးသား။ အခု ဒါတွေကို ပွင့်လင်းမြင်သာမှုရှိရှိနဲ့ ကျွန်တော်တို့ ပထမခြေလှမ်းကို ဒါတွေ လုပ်တယ်။ ဒုတိယခြေလှမ်းကို သတင်းမီဒီယာတွေနဲ့ ကျွန်တော်တို့ ပူးပေါင်းပြီးတော့ ဒါတွေကို ပြောတဲ့အတိုင်း လုပ်လား၊ မလုပ်လားဆိုတာ အဆောက်အဦးတွေ နေရာတိုင်းမှာ ကျွန်တော်တို့ ဖော်ပြမှာပါ” လို့ သတင်းစာရှင်းလင်းပွဲမှာ သတင်းမီဒီယာတစ်ခုရဲ့ မေးမြန်းမှုကို ဖြေကြားထားတာလည်း ဖြစ်ပါတယ်။
ဒီနေ့ ဖေဖော်ဝါရီ ၁၇ ရက်ကလည်း တရုတ်ပြည်သူ့လုံခြုံရေးဌာန လက်ထောက်ဝန်ကြီး Liu Zhongyi နဲ့ တာဝန်ရှိသူတွေ၊ ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန တာဝန်ရှိသူတွေ၊ စစ်ကောင်စီ ပြည်ထဲရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော်နဲ့ BGF ဒုဗိုလ်မှူးကြီး စောတင်ဝင်းတို့ မြဝတီမြို့နယ် ရွှေကုက္ကိုကို ရောက်ရှိလာပြီး ထိန်းသိမ်းခံထားရတဲ့ ကျားဖြန့်လုပ်သားတွေကို တွေ့ဆုံခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက မြဝတီမြို့နယ် ရွှေကုက္ကိုနဲ့ KK Park တို့မှာရှိတဲ့ ကျားဖြန့်ဂိုဏ်းတွေကို BGF တပ်ဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့ပြီးနောက် ကျားဖြန့်လုပ်သား ၁၀၃၀ ဦးကို ထိန်းသိမ်းထားတယ်လို့လည်း သိရပါတယ်။ BGF က ရှာဖွေထိန်းသိမ်းထားသူများထဲတွင် အများစုဟာ အသက် ၂၅ နှစ်နဲ့ ၄၀ နှစ်ကြားဖြစ်ပြီး တရုတ်နိုင်ငံသားများနဲ့ မလေးရှား၊ ပါကစ္စတန်၊ အိန္ဒိယ၊ ကင်ညာ၊ ရဝမ်ဒါနိုင်ငံသားတွေဖြစ်တယ်လို့လည်း သိရပါတယ်။







Comments