ကျားဖြန့်ဂိုဏ်းတွေကို စစ်ကောင်စီနဲ့လက်အောက်ခံတပ်တွေ အထောက်အကူပေးနေဟု NUG နဲ့ ERO အဖွဲ့တွေ ထုတ်ပြန်
- BVJ

- Jan 21
- 1 min read
BVJ/ထက်အောင် _ ဇန်နဝါရီ ၂၁ ၊ ၂၀၂၅

စစ်ကောင်စီနဲ့ လက်အောက်ခံနယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်အဖွဲ့တွေနဲ့ အခြားမဟာမိတ်အဖွဲ့တွေက နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေရဲ့ အမြတ်ထုတ်လုပ်ဆောင်နေမှုတွေမှာ လုံခြုံရေးပေးတာ၊ အထောက်အကူပြုပေးတာတွေကို တိုက်ရိုက်ပါဝင်ပတ်သက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (ERO) တွေက မနေ့ ဇန်နဝါရီ ၂၀ ရက်မှာ ပူးတွဲထုတ်ပြန်လာပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတွင်း စစ်ရေးပဋိပက္ခတွေ ဖြစ်ပေါ်နေချိန် မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချမှု၊ လူကုန်ကူးမှု၊ ညှင်းပန်းနှိပ်စက်မှု၊ အဓမ္မလုပ်အားပေးခိုင်းစေမှု၊ ဆိုက်ဘာလိမ်လည်မှု၊ အလွဲသုံးစားလုပ်မှုနဲ့ လူသတ်မှုတွေ သိသိသာသာ များပြားလာခဲ့ပြီး နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေရဲ့ အမြတ်ထုတ် လုပ်ကိုင်နေမှုတွေအပေါ် စစ်ကောင်စီကလည်း လျစ်လျူရှုထားခဲ့ပြီး အထောက်အကူပေးခဲ့တယ်လို့လည်း ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်တပ်အာဏာသိမ်းမှုကို ခုခံတော်လှန်ဖို့နဲ့ လူသားမျိုးနွယ်ပေါ် အမြတ်ထုတ်မှုတွေကို ဆန့်ကျင်ကြောင်း NUG အစိုးရနဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ချင်းအမျိုးသားတပ်ဦး (CNF) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား ဒီမိုကရက်တစ်တပ်ဦး (ABSDF) ၊ မွန်ပြည်သစ်ပါတီ - စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး (NMSP –AD)၊ အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ (WLB) နဲ့ အခြား အဖွဲ့အစည်းတွေက ပူးတွဲထုတ်ပြန်တာပါ။

စစ်ကောင်စီနဲ့ လက်အောက်ခံ နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်အဖွဲ့တွေက သူတို့ရဲ့ အာဏာတည်မြဲရေးအတွက်သာ အာရုံစိုက်နေပြီး ဒေသတွင်းနဲ့ အိမ်နီးချင်းနိုင်ငံတွေက ပြည်သူတွေအပေါ် အန္တရာယ်ဖြစ်စေမယ့်၊ စိုးရိမ်မှုတွေရှိနေတဲ့ လူကုန်ကူးမှုနဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှုနဲ့ လောင်းကစားလုပ်ငန်း (ကျားဖြန့်) အပါအဝင် ဆိုက်ဘာရာဇဝတ်မှုပြဿနာတွေကို ဖြေရှင်းလိုစိတ်မရှိတာကိုလည်း တွေ့ရတယ်လို့ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေကို ပူးပေါင်းတိုက်ဖျက်နိုင်ဖို့အတွက် အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအို၊ ထိုင်းနိုင်ငံတို့နဲ့ ပူးပေါင်းဆောင်ရွက်လိုကြောင်း ပြောထားပြီး အာဆီယံအပါအဝင် ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိတယ်လို့ NUG အစိုးရ၊ ERO အဖွဲ့တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။







Comments