ကျားဖြန့်ဂိုဏ်းက လွတ်လာတဲ့ နိုင်ငံခြားသား ၇၀၀၀ ဝန်းကျင် နေရပ်ပြန်ပို့ မရေရာမှုတွေနဲ့ ကြုံတွေ့နေရ
- BVJ

- Feb 25
- 1 min read
BVJ/Moore _ ဖေဖော်ဝါရီ ၂၄ ၊ ၂၀၂၅

အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) ဂိုဏ်း နှိမ်နင်းရေးစီမံချက်ကာလအတွင်း ကျားဖြန့်ဂိုဏ်း တွေလက်ထဲကနေ လွတ်မြောက်လာတဲ့ နိုင်ငံခြားသား ၇၀၀၀ ဝန်းကျင်ဟာ ထိုင်း-မြန်မာနယ်စပ် ထိန်းသိမ်းရေးစခန်းတွေမှာရှိနေဆဲဖြစ်ပါတယ်။ လက်ရှိမှာ သူတို့ရဲ့အခြေအနေဟာ နေရပ်ပြန်ပို့ မရေမရာမှုတွေနဲ့ ကြုံတွေ့နေရပြီး စိုးရိမ်စရာဖြစ်တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။
တရားမဝင် အွန်လိုင်းလောင်းကစားလုပ်ငန်းတွေနဲ့ ကျားဖြန့်ဂိုဏ်းတွေကို တရုတ်၊ ထိုင်းနဲ့ မြန်မာ အာဏာပိုင်တွေက အခုလအတွင်းမှာ နှိမ်နင်းရေးလုပ်ဆောင်ခဲ့ပြီး ကျားဖြန့်လုပ်သား ၇၀၀၀ ဝန်းကျင်ဟာ ကရင်နယ်ခြားစောင့်တပ် (BGF) နဲ့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) တို့က မြဝတီမြို့နယ်အတွင်းမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တစ်ပတ်က တရုတ်နိုင်ငံသား ၆၂၁ ဦးကို ထိုင်းနိုင်ငံကနေတဆင့် တရုတ်အစိုးရဆီ BGF က လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိနေသေးတဲ့ နိုင်ငံခြားသားတွေကို နေရပ်ပြန်ပို့နိုင်ဖို့အတွက် ထိုင်းနဲ့ မြန်မာ အာဏာပိုင်တွေနဲ့အတူ သက်ဆိုင်ရာသံရုံးတွေက စီစဉ်ဆောင်ရွက်ဖို့ကိုလည်း BGF က ပြောထားပါတယ်။
မြဝတီမြို့နယ်အတွင်း ထိန်းသိမ်းရေးစခန်းတွေမှာရှိနေတဲ့ နိုင်ငံခြားသားတွေဟာ BGF အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

“ကျန်နေတဲ့ နိုင်ငံခြားသားတွေရဲ့အခြေအနေက မရေမရာဖြစ်နေပါတယ်။ ဒါဟာ သူတို့အတွက် ကြီးကြီးမားမား ထိခိုက်နစ်နာမှုဖြစ်စေသလို ဒုက္ခရောက်နေသူတွေကို ထပ်ပြီးဒုက္ခရောက်အောင် လုပ်နေသလိုပါပဲ”လို့ ကယ်ဆယ်ရေးဝန်ထမ်းတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
လက်ရှိထိန်းသိမ်းခံထားရသူတွေအနေနဲ့ အခြေခံကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေပြီး ဆိုးရွားတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ဆိုပါတယ်။ ကျားဖြန့်ဂိုဏ်းတွေကနေ လွတ်မြောက်လာသူတွေကို လွှဲပြောင်းပေးနိုင်ဖို့အတွက် ထိုင်းနိုင်ငံကလည်း သက်ဆိုင်ရာနိုင်ငံ သံရုံး၊ အေဂျင်စီတွေနဲ့အတူ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးကလည်း ပြောပါတယ်။
လွတ်မြောက်လာတဲ့ နိုင်ငံခြားသားတွေကို သက်ဆိုင်ရာနိုင်ငံ သံရုံးတွေကနေဆင့် နေရပ် ပြန်မပို့နိုင်ပါက ထိုင်းနိုင်ငံတွင်း လက်ခံထားဖို့အတွက် နေရာအလုံအလောက် မရှိဘူးလို့ ထိုင်းဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ ကာကွယ်ရေးဝန်ကြီးလည်းဖြစ်တဲ့ ဖွန်သမ်တီချရာချိုင်းကလည်း ပြောထားပါတယ်။
အခုလအတွင်းမှာ DKBA တပ်ဖွဲ့က ထိုင်းအစိုးရကို လွှဲပြောင်းပေးခဲ့တဲ့ နိုင်ငံခြားသား ၂၆၀ထဲက အများစုဟာ အီသီယိုပီးယားနိုင်ငံသားတွေဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာဘက်က လွှဲပြောင်းပေးခဲ့တဲ့ တရုတ်နိုင်ငံသား ၂၆၁ ဦးကိုလည်း မဲဆောက်လေဆိပ် ကနေတဆင့် တရုတ်အစိုးရထံ လွှဲပြောင်းပေးခဲ့ပြီးဖြစ်ပါတယ်။







Comments