ကျားဖြန့်ဂိုဏ်းကလွတ်မြောက်လာတဲ့ တရုတ်နိုင်ငံသားတွေကို တရုတ်အစိုးရ ပြန်ခေါ်ယူ
- BVJ

- Feb 21
- 1 min read
BVJ/Moore _ ဖေဖော်ဝါရီ ၂၀ ၊ ၂၀၂၅

အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) ဂိုဏ်းတွေကနေ ပြန်လည်လွတ်မြောက်လာတဲ့ တရုတ်နိုင်ငံသားတွေကို တရုတ်အစိုးရက တရုတ်လေကြောင်းနဲ့ ထိုင်းနိုင်ငံ မဲဆောက်လေဆိပ်မှာ လာရောက်ခေါ်ဆောင်နေပြီလို့ ထိုင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။
ဒီနေ့ ဖေဖော်ဝါရီ ၂၀ ရက် မနက်ပိုင်းမှာ တရုတ်နိုင်ငံသား (၅၀)ကို ပထမအသုတ်အနေနဲ့ ခေါ်ဆောင်နေပြီး ကျန်တဲ့ တရုတ်နိုင်ငံသား (၁၅၀)ကိုလည်း ဒီနေ့မှာ ထပ်မံခေါ်ဆောင်သွားဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။
ပထမအသုတ်အနေနဲ့ ပို့ဆောင်တဲ့ တရုတ်နိုင်ငံသား (၅၀) ဦးကို မြန်မာနိုင်ငံ မြဝတီမြို့ကနေ ကရင်နယ်ခြားစောင့်တပ် (BGF) အဖွဲ့က ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားကနေတဆင့် ထိုင်းအာဏာပိုင်တွေဆီ လွှဲပြောင်းပေးခဲ့တာပါ။ အဲဒီကနေတဆင့် ထိုင်းအာဏာပိုင်တွေက တရုတ်နိုင်ငံသားတွေကို Express ယာဉ် နှစ်စီးနဲ့အတူ မဲဆောက်လေဆိပ်ကို ခေါ်လာတာလည်း ဖြစ်ပါတယ်။
ထိုင်း-မြန်မာနယ်စပ် စစ်ဆေးရေးဂိတ်မှာ တရုတ်နိုင်ငံသားတွေကို ထိုင်းအာဏာပိုင်တွေက လက်ခံလွှဲပြောင်းရယူချိန် သတင်းမီဒီယာတွေကို သတင်းရယူခွင့်မပြုခဲ့ပါဘူး။ ကျားဖြန့်ဂိုဏ်းတွေက ပြန်လည်လွတ်မြောက်လာတဲ့ တရုတ်နိုင်ငံသား (၆၀၀)ဝန်းကျင်ကို တရုတ်အစိုးရက အခုတစ်ပတ်အတွင်း ပြန်လည်ခေါ်ဆောင်သွားဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။
မြဝတီမြို့နယ် ကျားဖြန့်ဂိုဏ်းတွေမှာ ထောင်နဲ့ချီ ကျန်နေသေးတဲ့ တရုတ်နိုင်ငံသားတွေ ပြန်လည်လွတ်မြောက်ဖို့ တရုတ်အစိုးရနဲ့ ထိုင်းအာဏာပိုင်တွေက ဖိအားပေးမှုတွေရှိနေပြီး လက်ရှိအချိန်ထိ ထိုင်းအစိုးရက မြန်မာနိုင်ငံ နယ်စပ်ဒေသ ၅ နေရာကို လျှပ်စစ်မီး၊ လောင်စာဆီ ပေးပို့မှုနဲ့ အင်တာနက်ဆက်သွယ်ရေးတွေ ဖြတ်တောက်ထားဆဲ ဖြစ်ပါတယ်။
BGF ခေါင်းဆောင် စောချစ်သူကတော့ ထိန်းချုပ်ဒေသအတွင်း ကျားဖြန့်လုပ်သား (၁၀၀၀၀) ဝန်းကျင်ရှိနေပြီး သူတို့အားလုံးကို သက်ဆိုင်ရာနိုင်ငံတွေကို ထိုင်းနိုင်ငံကနေတဆင့် ပြန်လည်လွှဲပြောင်းပေးမယ်လို့ ပြောထားပါသေးတယ်။
တရုတ်ပြည်သူ့လုံခြုံရေး လက်ထောက်ဝန်ကြီး Liu Zhongyi ကလည်း ပြီးခဲ့တဲ့ရက်ပိုင်းက မြဝတီမြို့ကို သွားရောက်ခဲ့သေးသလို ထိန်းသိမ်းခံထားရတဲ့ တရုတ်နိုင်ငံသားတွေကို တွေ့ဆုံခဲ့ပါသေးတယ်။













Comments