ကျားဖြန့်ဂိုဏ်းကနိုင်ငံခြားသားတွေကို DKBAကရှင်းထုတ်နေပေမယ့် ထိုင်းနဲ့ စစ်ကောင်စီက လက်ခံဖို့ကြန့်ကြာနေဟု ဆို
- BVJ

- Mar 8
- 1 min read
BVJ/ထက်အောင် _ မတ် ၆ ၊ ၂၀၂၅

ကရင်ပြည်နယ် မြဝတီမြို့နယ် ကျောက်ခတ်မှာ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) က ထိန်းသိမ်းထားတဲ့ နိုင်ငံခြားသား ၄၄၃ ဦးကို ထိုင်းအစိုးရနဲ့ စစ်ကောင်စီက လက်ခံဖို့ ကြန့်ကြာနေတာကြောင့် အခက်အခဲဖြစ်နေကြောင်း DKBA စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်စောဆန်းအောင်က သတင်းမီဒီယာတွေနဲ့ တွေ့ဆုံချိန် ပြောပါတယ်။
မြဝတီမြို့နယ် ကျောက်ခတ်ဒေသအတွင်းမှာရှိတဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) ဂိုဏ်းတွေကို နှိမ်နင်းရေးစီမံချက်နဲ့ ဆောင်ရွက်နေချိန် တရုတ်စီးပွားရေးလုပ်ငန်းတွေထဲမှာရှိနေတဲ့ နိုင်ငံခြားသား ၄၄၃ ဦးကို အခုနှစ်ပတ်အတွင်းမှာ ထပ်မံထိန်းသိမ်းထားနိုင်ခဲ့တာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
“ပထမတစ်ခေါက် လွှတ်ပေးတုန်းကလည်း နောက်လူတွေကို လွှတ်ပေးမယ်ဆိုတာ လူသိရှင်ကြား ပြောထားတယ်။ အဲနောက်ပိုင်း လူတွေ စုဆောင်းပြီး ရရှိလာတဲ့လူ လက်ရှိ လူ ၄၄၃ ယောက်ရှိတယ်။ ကျွန်တော်တို့ တကယ်တမ်း ရှင်းထုတ်နေတယ်ဆိုတာကိုလည်း ပြောချင်တယ်” လို့ ဗိုလ်ချုပ်စောဆန်းအောင်က ပြောပါတယ်။
လက်ရှိ DKBA က ထိန်းသိမ်းထားတဲ့ နိုင်ငံခြားသားတွေကို ထိုင်းနိုင်ငံနဲ့ စစ်ကောင်စီတို့ဆီ လွှဲပြောင်းပေးဖို့ ကြိုးစားပေမဲ့ နှစ်ဖက်စလုံးက လက်မခံတာ စောင့်ဆိုင်းဖို့သာပြောတာကြောင့် အခက်အခဲဖြစ်နေရတယ်လို့လည်း ဆိုပါတယ်။
“ထိုင်းဘက်ကိုပို့တော့ ထိုင်းက လက်မခံဘူး။ တံတားထိပ်မှာသွားပို့ဖို့ကလည်း အခု အာဏာထိန်းထားတဲ့ စစ်အစိုးရကလည်း အလှည့်မကျသေးလို့ လက်မခံသေးဘူး။ …. အခုတကယ်တမ်း သူတို့ (စစ်ကောင်စီ) ဆီအပ်တော့ လက်မခံသေးတော့ ကျွန်တော်တို့လည်း ဒုက္ခအကြီးကြီးဖြစ်တယ်”လို့ ဗိုလ်ချုပ်စောဆန်းအောင်က ဆက်ပြောပါတယ်။
ပထမတကြိမ် ကျောက်ခတ်ဒေသအတွင်းမှာ ထိန်းသိမ်းရရှိထားတဲ့ နိုင်ငံခြားသား ၂၆၁ ဦးကို DKBA က ထိုင်းအာဏာပိုင်တွေဘက် တိုက်ရိုက်လွှဲအပ်ခဲ့ချိန် စစ်ကောင်စီက ပြစ်တင်ပြောဆိုခဲ့ပြီး ကျားဖြန့်လုပ်ငန်းတွေကနေ ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံခြားသားတွေကို စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးဌာနကနေတဆင့် ပြန်လည်လွှဲပြောင်းရမယ်လို့ DKBA က စစ်ကောင်စီက ဖိအားပေးခဲ့ပါတယ်။ ဒါပေမဲ့ ဒုတိယအသုတ် နိုင်ငံခြားသား ၄၄၃ ဦးကို စစ်ကောင်စီထံ လွှဲပြောင်းပေးအပ်ချိန် စောင့်ဆိုင်းဖို့သာ ပြောဆိုထားပြီး လက်ခံဖို့ ကြန့်ကြာနေတာလည်း ဖြစ်ပါတယ်။
မြဝတီမြို့နယ်အတွင်း ရွှေကုက္ကို၊ KK Park ၊ ကျောက်ခတ်နဲ့ အချို့ဒေသတွေမှာရှိတဲ့ ကျားဖြန့်ဂိုဏ်းတွေက နိုင်ငံခြားသားတွေကို ကရင်နယ်ခြားစောင့်တပ် (BGF) နဲ့ DKBA တို့က ထိန်းသိမ်းထားပြီ ထိုင်းအစိုးရဘက်ကလည်း လက်ခံဖို့ ကြန့်ကြာနေတာမျိုးတွေရှိနေတယ်လို့ သိရပါတယ်။ ထိုင်းအစိုးရအနေနဲ့ BGF နဲ့ DKBA က တိုက်ရိုက်လွှဲပြောင်းပေးမယ့် နိုင်ငံခြားသားအားလုံးကို လက်ခံမှာမဟုတ်ဘဲ သက်ဆိုင်ရာနိုင်ငံတွေကနေ တောင်းဆိုထားတဲ့ နိုင်ငံခြားသားတွေကို လွှဲပြောင်းလက်ခံပေးမှာဖြစ်တယ်လို့ သိရတယ်လို့ ဗိုလ်ချုပ်စောဆန်းအောင်က သတင်းမီဒီယာတွေနဲ့ တွေ့ဆုံချိန်မှာ ထည့်သွင်းပြောထားပါတယ်။
ပုံစာ - DKBA ဗိုလ်ချုပ်စောဆန်းအောင်ကို ထိန်းသိမ်းထားတဲ့ နိုင်ငံခြားသားတွေနဲ့အတူတွေ့ရစဉ် (Photo: Aung Aung)







Comments