ကျောက်မဲဆေးရုံ ဗုံးကြဲတိုက်ခိုက်ခံရ၊ သူနာပြုဆရာမတစ်ဦးနဲ့ လူနာတစ်ဦး သေဆုံး၊ ထိခိုက်ဒဏ်ရာ အများအပြားရှိ
- BVJ

- Jan 25
- 1 min read
BVJ/အိုင်းရစ် _ ဇန်နဝါရီ ၂၅ ၊ ၂၀၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ ဆေးရုံကို စစ်ကောင်စီက ဒီနေ့နေ့လည် ၁ နာရီခွဲဝန်းကျင်မှာ ဂျက်ဖိုက်တာနှင့် ၂ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူနာတွေကို ဆေးကုသမှု ပေးနေတဲ့ CDM သူနာပြု ဆရာမ (၁)ဦး၊လူနာ (၁)ဦးသေဆုံးပြီး အရပ်သား (၂၀)ကျော်ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒါ့အပြင် ကျောက်မဲပြည်သူ့ဆေးရုံလည်း ပျက်စီးသွားခဲ့ပါတယ်။
“၁ နာရီ ၂၅ နဲ့ ၃၀ မှာ ကြဲသွားတယ်။ အနည်းဆုံး ၂ယောက် လောက် သေတယ်။ သေဆုံးမှုအခြေအနေကို အကုန်လုံးတော့ မသိရသေးဘူး။ လောလောဆယ် ၂၀ ကျော် ထိခိုက်ဒဏ်ရာရတယ်လို့ပဲ သိရသေးတယ်။ ကလေးကုသဆောင်တွေရော၊ လူနာလက်ခံဆောင်တွေရော၊ လူနာတွေ နားနေဆောင်တွေရော ဆေးရုံဝင်းတစ်ခုလုံး ထိသွားတယ်”လို့ ကျောက်မဲမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
တအာင်းတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ တပ်မဟာ ၂ နယ်မြေထဲက ကျောက်မဲမြို့ပေါ် ရပ်ကွက်ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ဒီနေ့ ဇန်နဝါရီ ၂၅ ရက် နေ့လည် ၁ နာရီခွဲဝန်းကျင်မှာ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တယ်လို့လည်း PSLF/TNLA က သတင်း ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုအတွင်း ထိခိုက် သေဆုံးမှုအခြေအနေကိုတော့ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကို Burma VJ က ဆက်သွ ယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။
သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေ ဆေးဝါးကုသမှု ခံယူနေတဲ့ ကျောက်မဲမြို့ ဆေးရုံကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဆေးရုံအဆောက်အအုံအချို့ ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။
အခုလ ဇန်နဝါရီ ၂၂ ရက်ကလည်း နောင်ချိုမြို့နယ် ရဲစခန်းနဲ့ ပါရမီလက်ဖက်ရည်ဆိုင်အနီးကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့တာကြောင့် အပြစ်မဲ့ပြည်သူ ၈ ဦး သေဆုံးခဲ့ပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိရာ ဒေသခံနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၃၀ ရက် ညနေပိုင်းကလည်း ကျောက်မဲမြို့ အင်းကြင်းတောင်ရပ်ကွက်ကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာကြောင့် ဒေသခံပြည်သူ ၁၀ ဦး သေဆုံးခဲ့ပြီး ၂၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါသေးတယ်။
ဓာတ်ပုံ - PSLF/TNLA NEWS



















Comments