ကျိုက်ထို-ဘီးလင်းကြား ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၄) ဦးသေဆုံး
- BVJ

- Mar 8
- 1 min read
BVJ/ဇော်_မတ် ၈ ၊ ၂၀၂၅

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်နဲ့ ဘီးလင်းမြို့နယ်ကြားမှာ စစ်ကောင်စီယာဉ်တန်း လုံခြုံရေးကင်းပုန်းအဖွဲ့နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က (၄) ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန် - မော်လမြိုင်ကားလမ်းမနံဘေးမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ သပြေညိုတပ်ဖွဲ့နဲ့ နဂါးဖြူစစ်ကြောင်းတို့ မတ်လ ၆ ရက်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၄ ဦး သေဆုံးသလို တော်လှန်ရေးတပ်ဖွဲ့ဘက်က ရဲဘော် ၁ ဦး ကျဆုံးခဲ့ပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
သပြေညိုတပ်ဖွဲ့ ( Tha Pyay Nyo-PDF ) ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ခံအဖွဲ့တစ်ခုဖြစ်ပြီး သထုံခရိုင် တပ်မဟာ ၁ အမှတ် ၇၈၀၅ ဌာနချုပ် တပ်ခွဲ ၄ အဖြစ် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့အတူ စစ်ကောင်စီကို တော်လှန်နေတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီကလည်း ကျိုက်ထိုကနေ ဘီးလင်းဘက်ကိုဆင်းလာတဲ့ စစ်ကောင်စီယာဉ်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ကားတစ်စီးပျက်စီးခဲ့ကာ ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။ ဒါ့အပြင် တောင်ပိုင်းစစ်ဒေသနယ်မြေအတွင်း KNLA ၊ ကျောင်းသားတပ်မတော် (ABSDF) ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့အတူ စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေမှုတွေလည်း ရှိနေပါတယ်။
သထုံခရိုင်အခြေစိုက် NUG MOD လက်အောက်ခံ တပ်ရင်း ၇၈၀၅ တပ်ခွဲ ၄ သပြေညိုတပ်ဖွဲ့ဟာ မြို့ပြပျောက်ကြား (UG) တွေနဲ့ ပူးပေါင်းဖွဲ့စည်းထားပြီး တောင်ပိုင်းစစ်ဒေသနယ်မြေအတွင်း ဒေသကာကွယ်ရေးတပ်ဖွဲ့နဲ့အတူ စစ်ရေးပူးပေါင်းလုပ်ဆောင်နေချိန် တပ်ဖွဲ့အတွင်း ရဲဘော်တွေအတွက် လိုအပ်တဲ့ ကျည်ကာအင်္ကျီနဲ့ ဦးထုပ်များ တပ်ဆင်နိုင်ရေးအတွက် Campaign ဖော်ဆောင်မှုတွေလည်း ရှိနေပါတယ်။







Comments