ကျောက်တော်မြို့ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်နေ
- BVJ

- Jan 11
- 1 min read
BVJ/ထက်အောင် _ ဇန်နဝါရီ ၁၁ ၊ ၂၀၂၅

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ကို စစ်ကောင်စီက ဒီနေ့ ဇန်နဝါရီ ၁၁ ရက် မနက် ၉ နာရီကနေ ၉ နာရီ ၁၅ မိနစ်အထိ ဂျက်ဖိုက်တာလေယာဉ်နဲ့ ဗုံး ၃ လုံး ကြဲချတိုက်ခိုက်တယ်လို့ အာရက္ခတပ်တော် (AA) က သတင်းထုတ်ပြန်ထားပါတယ်။
ကျောက်တော်မြို့ပေါ် လူနေရပ်ကွက်တွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အပြစ်မဲ့ပြည်သူ ထိခိုက်သေဆုံးမှုရှိနေသလို နေအိမ်တွေ၊ ဈေးဆိုင်တွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း သိရပါတယ်။ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၅ ဦး သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြထားပေမဲ့ Burma VJ အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ကျောက်တော်မြို့နယ် ဗုံးကြဲတိုက်ခိုက်ခံရမှုအခြေအနေနဲ့ပတ်သက်ပြီး အာရက္ခတပ်တော် (AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို Burma VJ က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။ ထိခိုက်သေဆုံးမှုအခြေအနေတွေနဲ့ပတ်သက်ပြီး ဆက်လက်ထုတ်ပြန်သွားမယ်လို့ AA သတင်းပြန်ကြားရေးကလည်း ဖော်ပြထားပါတယ်။
အခုလ ဇန်နဝါရီ ၈ ရက်ကလည်း ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာကို တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပါတယ်။
စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူနေအိမ် ၄၀၀ နီးပါး မီးလောင်ပျက်စီးခဲ့သလို သေဆုံးသူ ၂၆ ထက်မနည်းရှိခဲ့ကာ သေဆုံးသူအရေအတွက် ဒီထက်ပိုများနိုင်တယ်လို့လည်း AA သတင်းပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။ ရခိုင်ဒေသတွင်း သတင်းတွေမှာတော့ စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှုအတွင်း သေဆုံးသူ ၄၀ ဝန်းကျင်ရှိခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါးကို သိမ်းယူထားတဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)နဲ့ အာရက္ခတပ်တော် (AA) တို့က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၉ ရက်မှာ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး လက်ရှိမြန်မာနိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ အမြဲတမ်း အသင့်ရှိနေတယ်လို့ ပြောကြားထားပေမဲ့ နှစ်ပတ်ခန့်အကြာမှာ စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ပြန်လည်လုပ်ဆောင်လာတာလည်း ဖြစ်ပါတယ်။







Comments