ကျောက်ဂူမှာ စစ်ကောင်စီတပ်နဲ့ DPLA တိုက်ပွဲပြင်းထန်နေ
- BVJ

- Jan 17
- 1 min read
BVJ/အိုင်းရစ် _ ဇန်နဝါရီ ၁၆ ၊ ၂၀၂၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် ကျောက်ဂူရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) တို့ တိုက်ပွဲဆက်ဖြစ်နေပြီး စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ DPLFက ဒီနေ့ ဇန်နဝါရီ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။
အခုလ ဇန်နဝါရီ ၁၄ ရက် မနက်ပိုင်းကလည်း ကျောက်ဂူတိုက်နယ်အတွင်းမှာ နှစ်ဖက်ထိတွေ့တိုက်ပွဲ နှစ်နာရီကြာ ဆက်ဖြစ်ခဲ့ကာ စစ်ကောင်စီ အမှတ် ၃၄၉ အမြောက်တပ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူ တိုက်ခိုက်ပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်က ကျောက်ဂူတိုက်နယ် စစ်ကောင်စီ ကျောက်ဂူရဲစခန်းနဲ့ ကျောက်ဂူအမြောက်တပ် (အမတ ၃၄၉) တို့မှာ DPLA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သလို ဇန်နဝါရီ ၅ ရက်မှာလည်း တောထိပ်ရွာနဲ့ အင်တာမြို့အကြားမှာလည်း ထိတွေ့တိုက်ပွဲ ဆက်ဖြစ်ခဲ့ပါတယ်။
နှစ်ရက်ဆက်တိုက်ပွဲအတွင်း စစ်ကောင်စီထံက ဒရုန်းတစ်စင်းကို သိမ်းဆည်းရရှိခဲ့ပေမဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ထိခိုက်သေဆုံးမှုအခြေအနေကို မသိရသေးပါဘူး။ စစ်ကောင်စီတပ်နဲ့ DPLA တပ်ဖွဲ့ကြား တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF) ကို Burma VJ က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။
လက်ရှိမှာ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံအရပ်သားနေအိမ်အချို့ မီးလောင်ပျက်စီးခဲ့သလို ဒေသခံတစ်ဦး လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ကျောက်ဂူတိုက်နယ်မှာ တိုက်ပွဲဖြစ်ပွားနေချိန်မှာ တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ ခဲကြားရွာနဲ့ ဖက်ရင်းကုန်းရွာတွေကိုလည်း စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုတွေ လုပ်ခဲ့ပါတယ်။













Comments