ကော့ကရိတ်တံတားသစ်ဖွင့်ပွဲမှာ စစ်ကောင်စီဝန်ကြီး ဒရုန်းနဲ့တိုက်ခိုက်ခံရ
- BVJ

- Mar 19
- 1 min read
BVJ/ထက်အောင် _ မတ် ၁၁ ၊ ၂၀၂၅

ကရင်ပြည်နယ် ဘားအံမြို့နယ်နဲ့ ကော့ကရိတ်မြို့နယ်ကို ဆက်သွယ်ထားတဲ့ ဂျိုင်းတံတားသစ်ဖွင့်ပွဲကို ရောက်ရှိလာတဲ့ စစ်ကောင်စီဝန်ကြီးနဲ့ တာဝန်ရှိသူတွေကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) က မနေ့ မတ်လ ၁၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဘားအံမြို့နယ် ဂျိုင်းကျေးရွာနဲ့ ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့အနီးမှာ အသစ်တည်ဆောက်ထားတဲ့ ဂျိုင်းမြစ်ကူး တံတားသစ်ဖွင့်ပွဲကို စစ်ကောင်စီ ဆောက်လုပ်ရေးဝန်ကြီး ဦးမျိုးသန့်၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ စစ်ကောင်စီ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ ဒုတိုင်းမှူး ဗိုလ်မှူးကြီး ဗညားဝင်း၊ ကရင်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးညွန့်လင်း၊ ကရင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးညီညီဇော်တို့ တက်ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီဝန်ကြီးနဲ့ တာဝန်ရှိသူတွေ လာရောက်တဲ့ ဂျိုင်းတံတားသစ်ဖွင့်ပွဲကို MLA ရဲ့ Spring UAV Force – G3 Fixed wing ဒရုန်အဖွဲ့က ဒရုန်းနဲ့ သုံးကြိမ်တိုက်ခိုက်ခဲ့တာကြောင့် တံတားသစ်ဖွင့်ပွဲကို အလျင်စလိုလုပ်ဆောင်ပြီး ထွက်ပြေးသွားခဲ့သလို ဒရုန်းဗုံးကြဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ၃ ဦး သေဆုံးခဲ့ပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အရပ်သားပြည်သူတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
“တံတားဖွင့်ပွဲ ကို သူတို့ရောက်ရောက်ချင်း ဖဲကြိုးဖြတ် ပုံရိုက် အကုန်လုံး ချက်ခြင်းလုပ်ပြီး ပြေးသွားကြပါတယ်။ မြေပြင်တိုက်ခိုက်မှု မပါ၀င်ဘဲ ဒရုန်းအသုံးပြုခဲ့ပြီး တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်”လို့ MLA တာဝန်ရှိသူတစ်ဦးကလည်း Burma VJ ကို ပြောပါတယ်။
စစ်ကောင်စီဝန်ကြီးနဲ့ အရာရှိတွေကို MLA အဖွဲ့က ဒရုန်းနဲ့တိုက်ခိုက်ချိန် ကျုံဒိုးမြို့အခြေစိုက် စစ်ကောင်စီ အမှတ် ၅၄၅၊ ၅၄၆ ခြေမြန်တပ်ရင်းနဲ့ ဗျူဟာကုန်းတို့မှာရှိတဲ့ ဒရုန်းဖျက် Jammer တွေကြောင့် ဒရုန်းဗုံးသီးအချို့ လွှင့်စင်ခဲ့ရာ အနီးနား ဂျိုင်းတံတားဟောင်း အောက်ဘက်မှာရှိတဲ့ ဈေးသည်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာလည်း ဖြစ်ပါတယ်။
အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် MLA အနေနဲ့ ဝမ်းနည်းကြောင်းထုတ်ပြန်ခဲ့ပြီး ပြည်သူများအနေနဲ့ စစ်ကောင်စီရှိရာနေရာအနီးဝန်းကျင်မှာ မနေထိုင်ကြဖို့ကိုလည်း အသိပေးထားပါတယ်။
ဂျိုင်းတံတားသစ်ဖွင့်ပွဲကို စစ်ကောင်စီ ဝန်ကြီးအပါအဝင် တာဝန်ရှိသူတွေ မတ်လ ၉ ရက်က သွားရောက်ဖွင့်လှစ်ခဲ့တယ်လို့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ သတင်းစာများတွင် ဖော်ပြထားပေမဲ့ တိုက်ခိုက်ခံရမှုအခြေအနေကိုတော့ ဖော်ပြထားတာမျိုး မရှိပါဘူး။ မနေ့ မတ်လ ၁၀ ရက်မှာ မွန်ပြည်နယ် အတ္တရံတံတားသစ် ဆောက်လုပ်နေတဲ့နေရာတွေကိုလည်း သွားရောက်ကြည့်ရှုခဲ့တယ်လို့ ဖော်ပြထားပါသေးတယ်။







Comments