ကော့ကရိတ်တိုက်ပွဲအတွင်း အောင်ဇေယျစစ်ကြောင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံး
- BVJ

- Feb 28
- 1 min read
BVJ/ဇော် _ ဖေဖော်ဝါရီ ၂၈ ၊ ၂၀၂၅

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ဒေါနတောင်ကြောမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီ အောင်ဇေယျစစ်ကြောင်း တပ်စခန်းကို Southern Eagle PDF နဲ့ ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ကော့ကရိတ်မြို့နယ်တောင်ပိုင်း ရွာသစ်ရွာမှာရှိတဲ့ စစ်ကောင်စီ ကာကင်းစခန်းကို အခုလ ဖေဖော်ဝါရီ ၂၄ ရက်မှာ Southern Eagle PDF တပ်ရင်း တပ်ခွဲ ၃ ၊ Tiger Draon Revolution Force Force (မိုင်းတွဲဘက်)၊ Special Operation Force (SOF) တို့ ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
“သေဆုံးသူ (၇) ဦးကတော့ မျက်မြင်ပေါ့နော်။ ကျန်တာတော့ မသိဘူး။ အဲ့ထက်တော့ များရင်များမှာပေါ့။ စစ်ကောင်စီဘက်ကလည်း အောင်ဇေယျစစ်ကြောင်းအင်အားကို ကားတွေနဲ့ နေ့တိုင်းဖြည့်တင်းနေတာတော့ရှိတယ်။ ကျွန်တော်တို့ဘက်ကတော့ ဖြတ်တောက်နိုင်သလောက် ဖြတ်တောက်နေပါတယ်”လို့ Southern Eagle PDF တပ်ရင်းတပ်ခွဲ (၃) တပ်ခွဲမှူး ကိုသန်းတင်ဌေးက Burma VJ ကို ပြောပါတယ်။ တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဘက်က ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။
ကော့ကရိတ်မြို့နယ်ကို ရောက်ရှိနေတဲ့ အောင်ဇေယျစစ်ကြောင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး အခု ဖေဖော်ဝါရီလအတွင်းမှာ Southern Eagle PDF ထံ အလင်းဝင်လာတယ်လို့ သိရပြီး ရွာသစ်ရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ကော့နွဲ့ရွာကနေ သွားရောက်တိုက်ခိုက်နေတာလည်းဖြစ်ပြီး နေ့စဉ်ထိတွေ့တိုက်ပွဲဖြစ်ပွားမှု ရှိနေတယ်လို့ သိရပါတယ်။
မြဝတီမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် ၂၀၂၄ ဧပြီလမှာ မွန်ပြည်နယ် မော်လမြိုင်မြို့ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ အောင်ဇေယျစစ်ကြောင်းဟာ တစ်နှစ်နီးပါး ကြာမြင့်လာချိန်အထိ ကော့ကရိတ်မြို့ကနေ ရှေ့ဆက်မတိုးနိုင်ဘဲ ရပ်တန့်နေတာလည်း ဖြစ်ပါတယ်။







Comments