ကလေးမြို့နယ် စော်ဘွားရေရှင်ရွာ လေကြောင်းဗုံးကြဲခံရပြီး ဒေသခံ ၃ ဦး သေဆုံးကာ ၁၀ ဦး ထိခိုက်ဒဏ်ရာရ
- BVJ

- Jan 19
- 1 min read
BVJ/အိုင်းရစ် _ ဇန်နဝါရီ ၁၈ ၊ ၂၀၂၅

စစ်ကိုင်းတိုင်း ကလေးမြို့နယ် မြောက်ပိုင်း စော်ဘွားရေရှင်ရွာအနီးကို ဒီနေ့ မနက်ပိုင်း ၇ နာရီဝန်းကျင်မှာ စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာကြောင့် ဒေသခံပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ကလေးမြို့နယ် မြောက်ပိုင်းနဲ့ ခမ်းပတ်မြို့နယ်တောင်ဘက်နားမှာ စော်ဘွားရေရှင်ရွာ ရှိနေတာဖြစ်ပြီး အရပ်သားပြည်သူတွေကို ပစ်မှတ်ထားကာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
ဇန်နဝါရီ ၁၆ ရက် ညပိုင်းကလည်း တမူးခရိုင် ခမ်းပတ်မြို့နယ် ကနန်စံပြကျေးရွာနဲ့ ရပ်ကွက် ၁ ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုလုပ်ဆောင်ခဲ့တာကြောင့် ၂ ဦး သေဆုံးခဲ့ပြီး အရပ်သားပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို ကနန်စံပြကျေးရွာ ဘုန်းကြီးကျောင်း ထိမှန်ပျက်စီးခဲ့ကာ သံဃာတော်တစ်ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ခမ်းပတ်မြို့ ရပ်ကွက် ၁ မှာရှိတဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ရုံး (ပလဖ)နဲ့ ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ရုံးနေရာတွေကို စစ်ကောင်စီက ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ရုံးအနီး ဗုံးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ကလေးတစ်ဦးနဲ့ ပလဖအဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ပြီး အရပ်သားပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို ဒေသခံပြည်သူ့နေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စစ်ကိုင်းတိုင်းအတွင်း ရုံးစိုက်ပြီး အုပ်ချုပ်ရေးနဲ့ စစ်ရေးတွေကို ဆက်လက်လုပ်ဆောင်တော့မယ်လို့ သတင်းတွေ ထွက်ပေါ်လာချိန် ခမ်းပတ်မြို့၊ မော်လူးမြို့နဲ့ ကလေးမြို့တို့ကို စစ်ကောင်စီက ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်လာတာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီ နှစ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ခမ်းပတ်မြို့၊ မော်လူးမြို့နဲ့ ကလေးမြို့တို့က ၃ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ဒေသခံပြည်သူ ၇ ဦးခန့် သေဆုံးခဲ့ကာ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂၀ ခန့် ထိခိုက်ပျက်စီးခဲ့ပါတယ်။







Comments