ကလေးတောင်ပိုင်းကတပ်စခန်းတွေပြန်ရရေး စစ်ကောင်စီကြိုးပမ်းမှုမအောင်မြင်ဘဲ တပ်သား အယောက် ၂၀ ထပ်သေဆုံး
- BVJ

- Apr 30
- 1 min read
BVJ/ယူဂရင်း_ ဧပြီ ၂၉၊ ၂၀၂၅

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းက တော်လှန်ရေးပူးပေါင်းတပ်တွေထိန်းချုပ်ထားတဲ့ ကြံသာရွာမှာ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ တကျော့ပြန်တိုက်ပွဲတွေပြင်ထန်နေတယ်လို့ ချင်းအမျိုးသားတပ်ဦး (CAN/CNF)ရဲ့ Chinland Information Center ကထုတ်ပြန်ပါတယ်။
CDF – KKG Major Operation အဖြစ် ဖေဖော်ဝါရီလက စစ်ဆင်းရေးဖော်ဆောင်ခဲ့ပြီး စစ်ကိုင်းတိုင်း ကလေးမြို့နဲ့မကွေးတိုင်း ဂန့်ဂေါအကြားရှိ စစ်ကောင်စီအခြေစိုက်စခန်းတွေဖြစ်တဲ့ ကမ်းပါးနီး စခန်း၊ မှန်တော၊ အရှေ့ အောင်သာယာ၊ အနောက် အောင်သာယာနဲ့ ပျူစောထီးအားကောင်းတဲ့ ကြံသာရွာတို့ကို အခုလလယ်မှာ တော်လှန်ရေးပူးပေါင်းတပ်က သိမ်းပိုက်ထိန်းချုပ်ပြီးနောက် အဲ့ဒီစခန်းတွေ ပြန်ရရှိရေးအတွက် စစ်ကောင်စီဘက်က ပြန်လည်ထိုးစစ်ဆင်နေတာပါ။
ကြံသာရွာစခန်းပြန်ရရှိရေးအတွက် ဧပြီ ၂၇ရက်မှာ စစ်ကောင်စီဘက်က စစ်ကြောင်းနှစ်ခုနဲ့ထိုးစစ်ဆင်လာတာကြောင့် ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က (၂၀)ဦး ကျဆုံးခဲ့သလို သေနတ် (၈)လက်နဲ့ ခဲယမ်းတွေကိုလည်း ရရှိခဲ့တယ်လို့ Chinland Information Centerက မနေ့က ညပိုင်းမှာ အသိပေးထုတ်ပြန်ထားပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က Jetဖိုက်တာ, Y 12, Mi 35, Droneတို့နဲ့ နတ်ချောင်း၊ နတ်မြောင်း၊ အောင်ချမ်းသာ၊ သံဖိုနဲ့ ငါးဖ ကျေးရွာတွေကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ လေးဦး သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။
အခုတိုက်ပွဲမှာ CNA, CDF KKG, CDF - Vakok, MCRနဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်က အမှတ် ၁ စစ်ဒေသတို့ ပါဝင်ခဲ့ပြီး အကျအဆုံးမရှိခဲ့ဘဲ ကလေးတောင်ပိုင်းတိုက်ပွဲဟာ တကျော့ပြန် ပြင်းထန်ေနတယ်လို့လည်း အသိပေးထားပါတယ်။







Comments